တင်းမရွာသားများနေရပ်ပြန်ရေးအတွက် မိုင်းရှင်းလင်းရေး၊ နေအိမ်များပြန်ဆောက်ပေးရေးတို့ကို ကြိုတင်ဆောင်ရွက်ပေးရန် တောင်းဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေရသည့် တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးနှင့် နေအိမ်များအား ပြန်လည်တည်ဆောက်ပေးရေးတို့ကို ကြိုတင်ဆောင်ရွက်ပေးရန် တင်းမကျေးရွာပြန်လည်ထူထောင်ရေးကော်မတီက တောင်းဆိုလိုက်သည်။

03 Sep 2021

DMG ၊ စက်တင်ဘာ ၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေရသည့် တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးနှင့် နေအိမ်များအား ပြန်လည်တည်ဆောက်ပေးရေးတို့ကို ကြိုတင်ဆောင်ရွက်ပေးရန် တင်းမကျေးရွာပြန်လည်ထူထောင်ရေးကော်မတီက တောင်းဆိုလိုက်သည်။

တင်းမကျေးရွာသားများ အောက်တိုဘာလတွင်နေရပ်ပြန်နိုင်ရန်အတွက် ကြိုတင်ဆောင်ရွက်ပေးရန် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ထံ စက်တင်ဘာလ ၂ ရက်နေ့က တင်းမကျေးရွာပြန်လည်ထူထောင်ရေးကော်မတီမှ စာဖြင့်တင်ပြထားကြောင်း သိရသည်။

တင်မကျေးရွာအတွင်း မီးလောင်ဆုံးရှုံးသွားသည့်နေအိမ်များကို ပြန်လည်တည်ဆောက်နိုင်ရန်နှင့် မီးမလောင်ဘဲကျန်ခဲ့သည့် နေအိမ်များမှာလည်း ခြုံနွယ်ပေါင်းများထူထပ်နေသည့်အတွက် ထပ်မံဆုံးရှုံးမှုမရှိရအောင် စာတင်ခြင်းဖြစ်သည်ဟု တင်းမရွာပြန်လည်ထူထောင်ရေးကော်မတီ နာယက ဆရာတော်ဦးဝါယာမိန္ဒကမိန့်သည်။

“ရွာအခြေအနေက အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေ ဘာမှမရှိတော့ဘူး။ အဆုံးထိပြောလိုက်မယ်ဆိုရင် အိမ်မှာထားတဲ့သစ်တွေ၊ ဝါးတွေတောင်မရှိတော့ဘူး။ ခြံစည်းရိုးတွေလည်းမရှိတော့ဘူး။ အကုန်ကျခံပြီးဆောက်ထားရတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ ဘုန်းတော်ကြီးကျောင်းမှာဆိုရင်လည်း ခြုံ၊နွယ်တွေထူထပ်နေတယ်” ဟု ဆရာတော်ကမိန့်သည်။

ကျေးရွာသားများ၏ဆန္ဒအရ ဒုက္ခသည်စခန်းမှ အလှည့်ကျစနစ်ဖြင့်ထုတ်နှုတ်၍ အောက်တိုဘာလ ၂၂ ရက်နေ့မှစပြီး စက်လှေဖြင့် ကျေးရွာသို့သွားရောက်ခြင်း၊ တင်းမကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းအခြေချနေထိုင်ခြင်းနှင့် ကျေးရွာအတွင်း ဖုံးလွှမ်းနေသည့်ခြုံနွယ်များကို တစ်ရွာလုံးရှင်းလင်းအောင်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်းမကျေးရွာပြန်လည်ထူထောင်ရေးကော်မတီမှ တင်ပြစာတွင်ဖော်ပြသည်။

ယင်းသို့သွားရောက်မည်ဖြစ်၍ လိုအပ်သည်များကိုညွှန်ကြားမှုပြုနိုင်ကြောင်းလည်း ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့ထံ တင်ပြထားသည်။

လာမည့်အောက်တိုဘာလတွင် နေရပ်ပြန်ရန် ပြည်နယ်ကောင်စီနှင့် တင်းမကျေးရွာသားများကြားတွင် ဇွန်လ ၂၄ ရက်နေ့က သဘောတူညီထားသော်လည်း လက်ရှိတွင် အချိန်တစ်လသာကျန်ရှိတော့သော်လည်း ပြည်နယ်ကောင်စီဘက်မှ လုပ်ဆောင်ရမည့် ကျေးရွာအတွင်းမိုင်းရှင်းလင်းရေး၊ ပြန်လည်ထူထောင်ရေးကိစ္စများကို တစ်စုံတစ်ရာဆောင်ရွက်ခြင်းမရှိသေးကြောင်း တင်းမကျေးရွာသားများကပြောသည်။

“ကျနော်တို့က ၁၀ လပိုင်းမှာ ရွာပြန်မယ်လို့ ကောင်စီနဲ့ဆွေးနွေးထားတယ်။ ဒါပေမယ့် သူတို့က အခုအချိန်ထိ ကျနော်တို့ရွာသားတွေကို အကြောင်းပြန်တာတခုမှမရှိသေးဘူး။ ဆိုတော့ ကျနော်တို့အနေနဲ့ သူတို့ဘက်ကအခက်အခဲရှိနေလို့လား၊ ဒါမှမဟုတ် တိုက်ပွဲတွေဖြစ်လာကိုစိုးရိမ်လို့လားမသိဘူး။ ကျနော်တို့ ကတော့ ရွာပြန်မယ့်နေ့ကိုပဲမျှော်နေပါတယ်” ဟု တင်းမကျေးရွာသား ဦးမောင်ထွန်းညွန့်ကပြောသည်။

တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးကိစ္စများကိုဆောင်ရွက်ရန် စီစဉ်ထားပြီဖြစ်ကာ လတ်တလောဆောက်လုပ်နေသည့် လက္ကာနှင့် ဖားပြိုကျေးရွာများမှနေအိမ်များပြီးစီးပါက တင်းမကျေးရွာကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သော်လည်း မည်သည့်အချိန်တွင် လုပ်ဆောက်လုပ်ပေးသွားမည်ကို ပြောဆို၍မရကြောင်း ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက မကြာသေးမီက DMG ကိုပြောကြားထားသည်။

တင်းမကျေးရွာသားများ နေရပ်ပြန်ပါက အိမ်ထောင်စုတစ်စုလျှင် ငွေငါးသိန်းကျပ်နှင့် ဆန်ရိက္ခာတစ်လစာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျေးရွာသို့ရောက်ရှိပါကလည်း နေအိမ်များဆောက်လုပ်ပေးသွားမည်ဖြစ်ကာ တစ်ခြားအလုပ်အကိုင်များကို အဆင့်ဆင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်ကောင်စီဘက်က သဘောတူထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် မတ်လအတွင်းက တင်းမကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးပြီးနောက် ကျေးရွာသားများမရှိခိုက် ရွာအတွင်းမှ နေအိမ်များမီးရှို့ခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့မီးရှို့ခံရမှုကြောင့် တင်းမကျေးရွာရှိ အိမ်ခြေ ၁၃၂ ဆောင်နှင့် ဘုန်းတော်ကြီးကျောင်းတို့မှာ ပျက်စီးမှုများရှိခဲ့ကြောင်း ယခုနှစ်ဇွန်လအတွင်းက ယင်းကျေးရွာသို့ သွားရောက်ခဲ့သည့် ကျေးရွာသားများကောက်ယူခဲ့သော စာရင်းများအရသိရသည်။

ဗီဒီယိုများ