တပ်မတော်က ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများကြောင့် သရက်တပင်ရွာလုံးကျွတ်ထွက်ပြေး

“သူတို့(တပ်မတော်သား)အများကြီး ရွာထဲမှာလည်းရှိနေကြတယ်။ ကားလမ်းမပေါ်မှာလည်း ရှိကြတယ်။ လမ်းသွားလမ်းလာတွေကိုစစ်တယ်။ သူတို့က ပြောလို့ရတာမဟုတ်ဘူး၊ ဖမ်းချင်ရင် ဖမ်းသွားနိုင်တယ် ” ဟု သရက်တပင် ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

By မြတ်ဝင်းကျော် 16 Nov 2019

ကျောက်တော်မြို့နယ်အတွင်း လှည့်လည်သွားလာနေသော တပ်မတော်စစ်ကြောင်းတစ်ခုကို ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

မြတ်ဝင်းကျော် | DMG
နိုဝင်ဘာလ ၁၆ ၊ ကျောက်တော်

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအုပ်စုအတွင်း နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ တပ်မတော်က ဝင်ရောက်စစ်ဆေးနေမှုကြောင့်  ကျေးရွာသားများမှာ ကျောက်တော်မြို့ပေါ်နှင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးနေကြကြောင်း သိရသည်။

၎င်းကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမဘေးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်း ဝင်ရောက်စစ်ဆေးကာ ဒေသခံ (၄) ဦးကို ဖမ်းဆီးခဲ့သည်။

AA ကတိုက်ခိုက်မှုကြောင့် တပ်မတော် စကခ(၉)လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ(၃၇၄)တပ်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၅ ဦးကျဆုံးဒဏ်ရာရကြောင်း AA ကထုတ်ပြန်သော်လည်း တပ်မတော်ဘက်က ယင်းဖြစ်စဉ်မရှိကြောင်း ငြင်းဆိုသည်။

သို့သော် ကျဆုံးသွားသည့်တပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီး ရန်နောင်ဝင်းဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၄၄ ဆင်းသူဖြစ်ကြောင်း ၎င်း၏ဆွေးမျိုးများနှင့် တပ်မတော်ထောက်ခံသူအသိုင်းအဝိုင်းမှ လူမှုကွန်ယက်ပေါ်တွင် ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် တပ်မတော်နှင့်ရဲတပ်ဖွဲ့က ကျေးရွာအတွင်းဝင်ရောက်စစ်ဆေးကာ သရက်တပင်ကျေးရွာမှ နေမျိုးထွန်း(ခ)အောင်ပိုင်၊ သရက်တပင်(ပြင်လှ)ကျေးရွာမှ မောင်ကုလား၊ ရွာမပြင်ကျေးရွာမှ ညီညီစိုးနှင့် စပါးဆိပ်ကျေးရွာမှ မောင်ကြည်လင်းတို့ ၄ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရွာသူရွာသားများမှာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး သက်ကြီးအရွယ်အချို့သာ ကျေးရွာအတွင်းကျန်ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူတို့(တပ်မတော်သား)အများကြီး ရွာထဲမှာလည်းရှိနေကြတယ်။ ကားလမ်းမပေါ်မှာလည်း ရှိကြတယ်။ လမ်းသွားလမ်းလာတွေကိုစစ်တယ်။ သူတို့က ပြောလို့ရတာမဟုတ်ဘူး၊ ဖမ်းချင်ရင် ဖမ်းသွားနိုင်တယ် ” ဟု သရက်တပင် ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်အချို့သည် အိမ်များသို့ဝင်ရောက်ရှာဖွေကြပြီး ပစ္စည့်များယူဆောင်ခြင်းမရှိကြောင်း လက်မှတ်ရေးထိုးပေးရကြောင်းနှင့် ထိုသို့ စစ်ဆေးရာတွင် အမည်စာရင်းနှင့်တကွ လာရောက်မေးမြန်းခြင်းများရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာမှာ တုတ်ထောက်ပဲကျန်တော့တယ်။ နို့သောက်တွေလည်းမရှိတော့ဘူး ” ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ သရက်တပင်ကျေးရွာအုပ်စုအတွင်း ဝင်ရောက်စစ်ဆေးနေခြင်းသည် AA နှင့်ဆက်စပ်ပြီး သတင်းအရ ဝင်ရောက်စစ်ဆေးနေခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် DMG သို့ ပြောသည်။

Related Post : စစ်ကြောင်းမိုင်းဆွဲခံရပြီးနောက် ကျောက်တော်ဒေသခံ (၄) ဦးကို တပ်ကဖမ်းဆီးထား

ဗီဒီယိုများ