တပ်မတော်ကဖမ်းဆီးသွားသည့် တင်းမကျေးရွာသားများအား ပြန်လွှတ်ပေးရန် မိသားစုဝင်များတောင်းဆို

တပ်မတော်က ဖမ်းဆီးထားသည့် တင်းမကြီးကျေးရွာသား (၁၀)ဦးနှင့် တင်းမသစ်ကျေးရွာသား (၈)ဦးတို့အား ပြန်လွှတ်ပေးရန် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။

By နှင်းနွယ် 16 Jun 2020

နှင်းနွယ် | DMG
ဇွန် ၁၆ ၊ စစ်တွေ

တပ်မတော်က ဖမ်းဆီးထားသည့် တင်းမကြီးကျေးရွာသား (၁၀)ဦးနှင့် တင်းမသစ်ကျေးရွာသား (၈)ဦးတို့အား ပြန်လွှတ်ပေးရန် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က တပ်မတော် တပ်မ (၅၅)က ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာ သား (၄၀)ကျော်အား ဖမ်းဆီးစစ်ဆေးခဲ့သည်။

ထို့နောက် သက်ကြီးပိုင်းများအား ပြန်လွှတ်ပေးခဲ့ကာ (၈)တန်း ကျောင်းသား မောင်ထွန်းထွန်းဝေအပါအဝင် ရွာသား(၁၆)ဦးအား ကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်သို့ ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

မိသားစုများနှင့်အတူ နေအိမ်၌ရှိနေစဉ် တပ်မတော်သားသုံးဦးမှ နေအိမ်အတွင်းသို့ဝင်ရောက်လာကာ သား ဖြစ်သူူအားဖမ်းဆီးခေါ်သွားခြင်းဖြစ်ကြောင်း (၈)တန်းကျောင်းသား မောင်ထွန်းထွန်းဝေ၏မိခင် ဒေါ်အေးရီက ပြောသည်။

“ကျမသားကို သေနတ်နဲ့ချိန်ပြီး ခင်ဗျားထွက်ပြေးတာမဟုတ်လားဆိုပြီး မေးတယ်။ ကျမနဲ့ သူ့အဖွားက ဒါကျမ သားပါ ထွက်ပြေးတာမဟုတ်ပါဘူး။ ကျောင်းတက်နေတာပါလို့ပြောတော့ ကျမယောက္ခရဲ့မျက်နှာကို သေနတ်နဲ့ ချိန်တယ်။ ကျမနဲ့ သူ့အဖွားလည်း ဘာမှမပြောနိုင်ဘဲ သားကိုဖမ်းသွားတာကို ဒီတိုင်းကြည့်နေလိုက်ရတယ်’’ဟု ၎င်းကပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ကျေးရွာ၌ အေးချမ်းစွာလုပ်ကိုင်စားသောက်နေသူများဖြစ်ကြောင်းလည်း ကျေးရွာသားများက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်ခံရသည်မှာ သုံးလခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်၍ သတင်းအစအန တစ်စုံတစ်ရာမရရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

“ကျမယောကျ်ားကို (၃)လပိုင်း ၁၆ ရက်နေ့ကဖမ်းသွားတာ။ အခုဆို လလည်းတော်တော်များများ ကြာနေပြီ။ သတ်မှန်းလည်းမသိဘူး။ သက်ရှိထင်ရှားရှိနေသေးမှန်းလည်း မသိရတော့ အများကြီးစိုးရိမ်မိတယ်”ဟု ဖမ်းဆီး ခံထားရသူ ဦးထွန်းမောင်ဝင်း၏ ဇနီး ဒေါ်ခင်မြင့်ဝင်းကပြောသည်။

ယခုကဲ့သို့ အမျိုးသားများဖမ်းဆီးခံထားရသည့်အတွက် မိသားစုစားဝတ်နေရေးအပြင် သားသမီးများ၏ ပညာရေးပါ ထိခိုက်လာကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ဆိုသည်။

“စားဝတ်နေရေးကတော့ အခက်အခဲအများကြီးရှိတယ်။ အခုဆို ကျောင်းကလည်း ဖွင့်တော့မှာဆိုတော့ ၉ တန်း တက်မယ့် သမီးရဲ့စားဝတ်နေရေး၊ ပညာရေး ၊ ကျန်းမာရေး အကုန်အခက်အခဲဖြစ်တယ်။ အရင်တုန်းက ကျမ ယောကျာ်း လုပ်ကျွေးတာကိုပဲ စားနေရတာ။ ကျမက ဘာမှလည်းမလုပ်တတ်ဘူး” ဟု ဖမ်းဆီးခံထားရသည့် ဦးမောင်ကြည်လင်း၏ ဇနီး ဒေါ်ပိုးမေဦးကပြောသည်။

တင်းမကျေးရွာသားများ ဖမ်းဆီးခံရသည့်ကိစ္စအား ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာထူးခြားမှု မရှိသေးကြောင်း ဆိုသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက “ကျနော်တို့ကတော့ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့တိုင်တန်းချက်တွေအပေါ်မှာ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်။ စီစစ်မေးမြန်း ပြီးတော့ ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ပေးစေချင်တယ်”ဟု ပြောသည်။

ယခုကဲ့သို့ တင်းမကျေးရွာသားများဖမ်းဆီးခံထားရမှုနှင့်ပတ်သတ်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တင်းမကျေးရွာသားများအား ဖမ်းဆီးထားသည့်ဖြစ်စဉ်များမရှိကြောင်း ဧရာဝတီ သတင်းဌာနအား ပြောဆိုထားသည်။

ဗီဒီယိုများ