စစ်တွေမြို့အနီး သဲခုံကျေးရွာမြစ်တွင် စက်လှေတစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရ

စစ်တွေမြို့နှင့် ၂ မိုင်ခန့်ဝေးကွာသည့် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာအနီးတွင် ယမန်နေ့(မတ်လ ၂၄ ရက်) ညနေ ၅ နာရီအချိန်ခန့်က စက်လှေတစ်စီးကို နေဗီမှပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုအခြေအနေကို မသိရှိရသေးဟု ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံများက DMG သို့ပြောကြသည်။

25 Mar 2022

DMG ၊ မတ် ၂၅

စစ်တွေမြို့နှင့် ၂ မိုင်ခန့်ဝေးကွာသည့် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာအနီးတွင် ယမန်နေ့(မတ်လ ၂၄ ရက်) ညနေ ၅ နာရီအချိန်ခန့်က စက်လှေတစ်စီးကို နေဗီမှပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုအခြေအနေကို မသိရှိရသေးဟု ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံများက DMG သို့ပြောကြသည်။

သဲခုံကျေးရွာအနီးတွင်ဆိုက်ကပ်နေသည့် နေဗီ(မြန်မာစစ်တပ်ရေယာဉ်)သည် စက်လှေတစ်စီးကို ရပ်တန့်ရန်ပြောဆိုရာတွင် မရပ်တန့်သဖြင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူအနည်းဆုံး ၆ ယောက်ခန့်မှာ စက်လှေပေါ်မှ ရေထဲသို့ခုန်ဆင်းခဲ့ကြသည်ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် မျက်မြင်ပုဂ္ဂိုလ်တစ်ဦးကပြောသည်။

“နေဗီကသေနတ်နဲ့ပစ်တော့ သေမှာကြောက်ကြတော့ ရေထဲကိုခုန်ဆင်းကြတယ်။ ဒီရေကလည်းအကျဆိုတော့ ရေကူးရောက်ကြတယ်။ ဘုတ်ထက်မှာ လူဘယ်နှစ်ယောက်ပါလဲတော့မသိဘူး။ ရေကူးပြေးသွားတာတော့ ၆ ယောက် ၇ ယောက်လောက်ရှိမယ်”ဟု ၎င်းကဆိုသည်။

အဆိုပါစက်လှေမှာ မည်သည့်စက်လှေဟု သေချာမသိရသေးဟု ၎င်းကဆက်လက်ပြောသည်။

အမည်မဖော်လိုသည့် ရပ်မိရပ်ဖတစ်ဦးကမူ အဆိုပါစက်လှေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားသည့် မှောင်ခိုစက်လှေဟုထင်မိကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှုအခြေအနေကို မသိရှိရသေးဟု ဆိုသည်။

“နေဗီကပစ်တယ်လို့ကြားတယ်။ ဘင်္ဂလားကိုမှောင်ခိုသွားတဲ့ဘုတ်ကို ပစ်တယ်ထင်တာပဲ။ ဘင်္ဂလားကို မှောင်ခိုသွားလို့ဖမ်းတာမှာ ပစ်တာလို့ကြားတယ်။ ထိခိုက်သေဆုံးမှုကိုလည်း အတိအကျမကြားသေးဘူး”ဟု ၎င်းကပြောသည်။

ယင်းသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ယနေ့နံနက်ပိုင်းတွင် အဆိုပါနေဗီနှင့်စက်လှေကို မတွေ့ရှိရတော့ဟု ဒေသခံများကဆိုသည်။ သေနတ်ပစ်ဖောက်မှုများရှိခဲ့သောကြောင့် ဒေသခံများမှာလည်း စိုးရိမ်ထိတ်လန့်မှုများရှိခဲ့သည်ဟု ဆိုကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကိုဆက်သွယ်ရာတွင် ဖုန်းကိုင်သူတစ်ဦးက အခမ်းအနားတက်နေသည်ဟုဆိုသဖြင့် တုန့်ပြန်ချက် မရရှိခဲ့ပါ။ ထို့ပြင် မြန်မာစစ်တပ်၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က တယ်လီဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသောကြောင့် တစ်စုံတစ်ရာတုန့်ပြန်ချက်မရရှိသေးပါ။

ဗီဒီယိုများ