တိုက်ပွဲဖြစ်နေသည့် မြို့နယ်များတွင် ယခုလ မိုင်းအန္တရာယ်လျော့ချရေး လုပ်ဆောင်မည်

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ် (၆)မြို့နယ်တွင် မိုင်းအန္တရာယ် လျှော့ချရေး အသိပညာပေးအစီအစဉ်ကို ယခုလမှ နိုဝင်ဘာလအထိ ဆောင်ရွက်မည်ဟု စီမံကိန်းအကောင်အထည်ဖော်မည့် ရခိုင်တိုင်ရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ထံက သိရသည်။

By မျိုးသီရိကျော် 18 Feb 2020

မျိုးသီရိကျော် | DMG
ဖေဖော်ဝါရီ ၁၇၊ စစ်တွေ

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ် (၆)မြို့နယ်တွင် မိုင်းအန္တရာယ် လျှော့ချရေး အသိပညာပေးအစီအစဉ်ကို ယခုလမှ နိုဝင်ဘာလအထိ ဆောင်ရွက်မည်ဟု စီမံကိန်းအကောင်အထည်ဖော်မည့် ရခိုင်တိုင်ရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ထံက သိရသည်။

ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် အသိပညာများ ထိထိရောက်ရောက်ဖြန့်ဝေပေးပြီး မြေမြုပ်မိုင်းနှင့် မပေါက်ကွဲဘဲကျန်နေခဲ့သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှု လျော့ချရန် သင်တန်းများလည်းပို့ချမည်ဟု REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

“လက်ရှိအနေအထားမှာတော့ ရခိုင်ပြည်မှာသိတဲ့အတိုင်းပဲလေ၊ တိုက်ပွဲတွေလည်းများလာတယ်။ တစ်နေ့ထက်တစ်နေ့ အသေအပျောက်တွေများလာတယ်။ ဘာမှမသိတတ်တဲ့သူတွေက မိုင်းထောင်ထားမှန်း မသိဘဲေ့တာ တောင်တွေကိုသွားကြတယ်။ မိုင်းပေါက်ကွဲတော့ ခြေပြတ်လက်ပြတ်တွေဖြစ်ကြတယ်။ မလိုလားအပ်ဘဲ သေဆုံးမှုတွများလာတယ်။ ဒါကြောင့် အခုလိုသင်တန်းတွေမပေးဘူးဆိုရင် ဒီထက်ပိုဆိုးလာနိုင်တယ်”ဟု ၎င်းကဆိုသည်။

မိုင်းအန္တရာယ် လျှော့ချရေး အသိပညာပေးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်တွေမြို့တွင်ပြုလုပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌနှင့်အစိုးရ ဌာနဆိုင်ရာများ တက် ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်နက်ကြီးထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သား(၁၃၀) ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)ထံမှ သိရသည်။

ဗီဒီယိုများ