မြန်မာနိုင်ငံတွင် ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် အထည်ချုပ်စက်ရုံများမှ လူနှစ်သိန်းကျော် အလုပ်အကိုင်ဆုံးရှုံး

မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် စစ်တပ် အာဏာ သိမ်းမှုကြောင့် အထည်ချုပ်စက်ရုံ အချို့ပိတ်သိမ်းခဲ့ရပြီး အလုပ်သမား (၂၂၀၀၀၀) ကျော်အလုပ်ကိုင်ဆုံးရှုံးခဲ့ရကာ ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း ယမန်နေ့ (ဇူလိုင် ၈)တွင် ဥရောပသမဂ္ဂသံရုံး (EU) မှထုတ်ပြန်သည်။

09 Jul 2022

မြန်မာနိုင်ငံစက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM)။

DMG ၊ ဇူလိုင် ၉

မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် စစ်တပ် အာဏာ သိမ်းမှုကြောင့် အထည်ချုပ်စက်ရုံ အချို့ပိတ်သိမ်းခဲ့ရပြီး အလုပ်သမား (၂၂၀၀၀၀) ကျော်အလုပ်ကိုင်ဆုံးရှုံးခဲ့ရကာ ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း ယမန်နေ့ (ဇူလိုင် ၈)တွင် ဥရောပသမဂ္ဂသံရုံး (EU) မှထုတ်ပြန်သည်။

နိုင်ငံအတွင်း အထည်ချုပ်စက်ရုံအများဆုံးတည်ရှိရာ ရန်ကုန်တိုင်း၌ ကိုဗစ် ၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှ၂၀၂၀ခုနှစ်နှင့် စစ်တပ်အာဏာသိမ်းခဲ့သည့်၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ လမှ မေလအထိ စက်ရုံအခြေခံ လုပ်သားအများစု ကိုလျော့ချခဲ့ခြင်းနှင့် အလုပ်မှ ထုတ်ပယ်ခြင်းတို့ကြောင့် အလုပ်သမား ၂ သိန်းကျော်မှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း မြန်မာနိုင်ငံ စက်မှုအလုပ်သမားများ အဖွဲ့ချုပ် (IWFM) ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဇွန်လအတွင်းမှ စတင်ကာ စက်ရုံပိတ်သိမ်းခဲ့မှုကြောင့် အလုပ်လက်မဲ့ဖြစ်နေရကာ ပြန်လည်အလုပ်အကိုင်ရရှိရန်မှာမသေချာသေးပဲ လက်ရှိအချိန် အထိအခက်အခဲများစွာနှင့် ရင်ဆိုင်နေရမှုကြောင်း ကျုံမငေးမြို့နယ်တွင် နေထိုင်သည့် အထည်ချုပ်စက်ရုံ အလုပ်သမား မမိုးက ပြောသည်။

“စက်ရုံကို မနှစ်ဇွန်လမှာ ပိတ်သွားတယ်။ ကျွန်မအတွက်အလုပ်ဆုံးရှုံးသွားရတယ်။ နစ်နာကြေးတွေလည်း မနည်း ပြန်တောင်းခဲ့ရတယ်။ အခုအချိန်အထိ အလုပ်သစ်ထပ်ရှာနေရပေမယ့်  မရသေးဘူး။ ဒါကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီးတော့ နေရပ်ကို ပဲပြန်လာခဲ့ရတယ် ” ဟု မမိုးက ပြောသည်။

ထိုသို့ အလုပ်အကိုင်ဆုံးရှုံးရမှုမှာ မိသားစုဝင်များအတွက် အဓိက ဝင်ငွေရရှိရန်တစ်ခုတည်းသော အလုပ်အကိုင် အရင်းမြစ်ဖြစ်သည်။ ထို့ကြောင့် အလွန်အမင်း ဆင်းရဲမွဲတေမှုဆီကို မရောက်ရှိအောင် သင့်တင့် လျောက်ပတ်သည့် အသက်မွေးမှု အလုပ်အကိုင်နှင့် မြင့်မားသည့် အလုပ်သမားစံချိန်စံနှုန်းများကို  ထိန်းသိမ်းစောင့် ရှောက်ရမည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂသံရုံးမှ တိုက်တွန်းထားသည်။

ထို့အပြင်တာဝန်သိ၊ တာဝန်ယူမှုရှိပြီး ပွင့်လင်းမြင်သာမှုကို တန်ဖိုးထားတဲ့ စီးပွါးရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်ရှိနေခြင်းမှာဆိုးကျိုး ရလဒ်များကို လျော့ပါးစေပြီးသင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်တစ်ခုကို လက်လှမ်းမီခြင်းမှာ လူ့အခွင့်အရေး တစ်ရပ် ဖြစ်ကြောင်းလည်း ဥရောပ သမဂ္ဂမှာ ထပ်မံတောင်းဆိုထားသည်။

သို့သော် ယခုအခါ အထည်ချုပ်စက်ရုံအချို့ပြန်လည်ဖွင့်လှစ်လာ ခဲ့သော်လည်း အလုပ်သမားများ၏ ရပိုင်ခွင့်ဖြစ်သည့် အလုပ်သမား ဥပဒေပါ အခွင့်အရေးများ ဆုံးရှုံးနေရသည့် အပြင်အလုပ်ရှင်နှင့် ကြီးကြပ်သူအချို့မှ အလုပ်လစာလျော့ချမှုနှင့် အလုပ်မှတာဝန်မဲ့ ထုတ်ပယ်ခဲ့မှုများကို အလုပ်သမားရုံးများ တွင်တိုင်ကြားသော်လည်း ထိရောက်မှုမရှိဖြစ်နေကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။

အရေးပေါ် မိသားစု ကိစ္စ တစ်စုံတစ်ရာဖြစ်လျှင် တစ်ရက်ပျက်ခဲ့ပါက ပျက်ခဲ့သည့် လုပ်ခလစာ၊ ရက်မှန်ကြေး၊ သာမက တနင်္ဂနွေနေ့ (ဒေးကြေး) အပါ (၂၀၀၀၀) ကျော် အဖျက်ခံရပြီး၊ နှစ်ရက်ပျက်ခဲ့လျှင် (grade) ပါ အချခံရကြောင်းလည်း အလုပ်သမားများကဆိုသည်။

ထို့အတူ နေ့စား အလုပ်သမားအချို့မှာ နေ့စားခ အဖြစ် (၄၈၀၀) ကျပ်သာရရှိပြီး အလုပ်တစ်ရ က်ပျက်ကွက်ခဲ့ပါက အလုပ်မှ အပြီး အပြိုင်ထုတ်ပယ်ခံရကြောင်း ရွှေပြည်သာမြို့နေ စက်ရုံ အလုပ်သ မားတစ်ဦးက ဆိုသည်။

“ စက်ရုံတချို့တွေ ပြန်ဖွင့်တော့ အလုပ်ပြ န်ဆင်းကြရတယ်။ ဒါပေမယ့် ကြီး ကြပ်သူနဲ့ အလုပ်ရှင်တွေရဲ့ အနိုင်ကျင့် တာပိုခံရတယ်။ လုပ်ခလစာတွေ ရက်မှန်ကြေးတွေ မကဘူး အလုပ်ပိတ်ရက်ဆင်းတဲ့ လုပ်ခတွေပါ အဖြတ်ခံရတယ်။ နေမကောင်းဘူးတို့ မိသားစု ကိစ္စအရေးပေါ်ဖြစ်တာတို့ တစ်ရက်ပျက်တာနဲ့ တန်းဖြတ်ပဲ။ နေ့စားသမားတွေလည်း အတူတူပဲ ရက်မှန်ကြေးပေးတယ်တရက်ပျက်ရင်တန်းပြီး အလုပ်ဖြုတ်တော့တာပဲ။ တိုင်ကြားလည်း ဘာမှမ ထူးဘူးဖြစ်နေတယ် ” ဟု အဆိုပါစက်ရုံအလုပ်သမတစ်ဦးကဆိုသည်။

ထို့အပြင် စက်ရုံအတွင်း အလုပ်သမားအရေး ကိစ္စများဖြစ်ပေါ်ပါက သက်ဆိုင်ရာ အလုပ်သမား ဖြေရှင်းရေး အဖွဲ့များကို အလုပ်ရှင်မှခေါ်ယူခြင်းမရှိဘဲ စစ်တပ်နှင့် ရဲအဖွဲ့ကို ခေါ် ကာဖြေရှင်းနေမှုကြောင့် အလုပ်သမားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်သည်အထိ ဖြစ်ပေါ်နေပြီ လူ့အခွင့်အရေးပါ ဆုံးရှုံးနေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်သည်။

“စက်ရုံတွေ အထူးသဖြင့် အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေက အခွင့်အရေး တွေတောင်းဆိုတာနဲ့ စက်ရုံပိုင်ရှင် တွေက အလုပ်သမား ညှိနှိုင်းတာတွေ မလုပ်တော့ဘူး။ စစ်တပ်နဲ့ ရဲအဖွဲ့ကိုခေါ် အကြမ်းဖက်ဖမ်းဆီး ခိုင်းတော့တာပဲ။ ဒါကတော့ လူ့အခွင့်အရေးအရ ရော အလုပ်သမားအခွင့်အရေးအရပါ လုံးဝဆုံးရှုံးနေတာကို ပြသနေတာဖြစ်တယ်။ အလုပ်သမားတွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာသလို ဖြစ်နေတယ် ” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုဇင်မှဝေဖန်သည်။

စစ်တပ်အာဏာသိမ်းယူပြီးနောက်ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှစ ပြီး ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာနှင့် ရွှေပေါက်ကံမြို့နယ်တို့၌ အထည်ချုပ်စက်ရုံ ၅၀ ကျော်မှာ လိုအပ်သည့် စက်ရုံလုပ်သား ပမာဏထက်ဝက်လျော့ကာ ပြန်လည်ဖွင့်လှစ်မှုရှိခဲ့ သည်။

ဗီဒီယိုများ