ထိန်းသိမ်းမှုမရှိပါက နှစ်၂၀ အတွင်း ရခိုင်တောင်လိပ်များ မျိုးတုန်းပျောက်ကွယ်နိုင်

စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှု မရှိပါက လာမည့်နှစ် ၂၀ အတွင်း ရခိုင်တောင်လိပ်များ မျိုးတုန်း ပျောက်ကွယ်သွားနိုင်ကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ထံမှ သိရသည်။

By သက်ပိုင် 27 Oct 2020

Photo - WCS

သက်ပိုင် | DMG
အောက်တိုဘာ ၂၇ ၊ စစ်တွေ

စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှု မရှိပါက လာမည့်နှစ် ၂၀ အတွင်း ရခိုင်တောင်လိပ်များ မျိုးတုန်း ပျောက်ကွယ်သွားနိုင်ကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ရခိုင်တောင်လိပ်မျိုးစိတ်မှာ တစ်ကမ္ဘာလုံးတွင် ရခိုင်ပြည်နယ်၌သာ ကျက်စားလေ့ရှိသော မျိုးစိတ်ဖြစ်ပြီး မျိုးတုန်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော မျိုးစိတ်တစ်ခုဖြစ်ကြောင်းလည်း လိပ်မျိုးစိတ်ရှင်သန်ရေး အဖွဲ့ ဒါရိုက်တာ ဒေါ်ကလျာက ဆိုသည်။

“ဒီမျိုးစိတ်က ရခိုင်မှာပဲရှိတဲ့အတွက် ရခိုင်တောင်လိပ်လို့ နာမည်ပေးထားတာ။ ဒါဟာ ရခိုင်ပြည်နယ်ရဲ့ ရတနာ တစ်ခုလို့လည်း ပြောလို့ရတယ်။ မြန်မာနိုင်ငံမှာ အခြားသတ္တဝါတွေရှာကြည့်၊ ကိုယ့်မြို့နဲ့ လူမျိုးနာမည်ကိုယ်စား ပေးထားတာရှားတယ် ဥပမာ- ရခိုင်မုန့်တီလိုပေါ့။ တစ်ကမ္ဘာလုံးမှာလည်း ရခိုင်မှာပဲရှိတာဆိုတော့ ထိန်းသိမ်း ဖို့လည်း လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်တောင်လိပ်ဟု ခေါ်ဝေါ်သော်လည်း ၎င်းတို့မှာ တောင်ပေါ်တွင်ကျက်စားလေ့မရှိပဲ တောင်ခြေဝါးတောစပ် များတွင် ကျက်စားနေထိုင်လေ့ရှိပြီး နေ့ဘက်တွင်ပုန်းအောင်းနေထိုင်လေ့ရှိသော မျိုးစိတ်တစ်မျိုးဖြစ်ကြောင်း ဒေါ်ကလျာကပြောသည်။

“သူတို့လေးတွေက အရမ်းအပုန်းကောင်းတဲ့ ကောင်လေးတွေ။ ညဘက်မှပဲ အစာရှာစားကြတယ်။ ပြီးတော့ သူတို့က နေရာတစ်ခုမှာနေထိုင်ပြီဆိုရင် အဲဒီတစ်ဝိုက်မှာပဲနေတာ အခြားအရမ်းဘယ်နေရာကိုမှ သွားကြတာ မဟုတ်ဘူး။ သစ်ရွက်ခြောက်တွေ၊ သစ်မြစ်တွေကြားမှာနေတာများတယ်။ မိုးတွင်းကျရင်တော့ တစ်လကို နှစ်မိုင်သုံးမိုင်လောက်သွားတက်တယ်” ဟု သူကရှင်းပြသည်။

အစာအဖြစ် ဖမ်းဆီးစားသောက်မှု၊ သစ်တောများပြုန်းတီးလာမှုနှင့် တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့မှု များကြောင့် ရခိုင်တောင်လိပ်များ မျိုးတုန်းမည့်အန္တရာယ်နှင့် ရင်ဆိုင်လာရခြင်းဖြစ်ကြောင်းနှင့် လိပ်များမှာ ကမ္ဘာပေါ်တွင် သစ်ပင်စိုက်ပျိုးမှုအမြင့်ဆုံးမျိုးစိတ်ဖြစ်သည့်အတွက် ထိန်းသိမ်းရမည့် အရေးကြီးမျိုးစိတ်တစ်ခု ဖြစ်ကြောင်းကိုလည်း ဒေါ်ကလျာကဆိုသည်။

Photo - WCS

ယခင်က လိပ်များ မကြာခဏလာရောက်ရောင်းချသူများရှိခဲ့သော်လည်း ယခုအခါယခင်ထက် ရှားပါးလာနေပြီး တစ်ကောင်လျှင် အရွယ်အစားကိုလိုက်၍ ငွေကျပ်သုံးထောင်နှင့် ငါးထောင်အကြားပေးကာ ဝယ်ယူကြောင်း စစ်တွေမြို့မှ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဆိုသည်။

“များသောအားဖြင့် မိုးဦးကာလမှာဆိုရင် ရတာများတယ်။ အရင်တုန်းကတော့ တစ်ပတ်မှာလေးငါးကောင်လောက် လာရောင်းတဲ့အခါလည်းရှိသလို သုံးကောင်လေးကောင်ပဲ လာရောင်းတာတွေလည်းရှိတယ်။ ခုနောက်ပိုင်း မှာတော့ လိပ်တွေတော့ အရင်လိုမရတော့ဘူး။ ဈေးတွေမှာတောင် အရင်လိုချရောင်းတာတွေ သိပ်မတွေ့ရ တော့ဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်တောင်လိပ်များကို မည်ကဲ့သို့ထိန်းသိမ်းမှုများလုပ်ဆောင်နေသည်ကို သိလို၍ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနသို့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သွားရောက်မေးမြန်းခဲ့ရာ တာဝန်ရှိသူခွင့်ယူထားသည်ဆိုသဖြင့် မေးမြန်းခွင့် မရရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် ကုန်းလိပ်နှင့် ရေချိုလိပ်မျိုးစိတ် ၂၆ မျိုးရှိပြီး အာရှတိုက်တွင် အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံတို့ပြီးလျှင် မြန်မာနိုင်ငံသည် စတုတ္ထမြောက် လိပ်ကောင်ရေအများဆုံးရှိရာနိုင်ငံတစ်ခုဖြစ်ကြောင်း လိပ်မျိုးစိတ်ထိန်းသိမ်းရေးအဖွဲ့များထံမှ သိရသည်။

ဗီဒီယိုများ