စစ်တွေတက္ကသိုလ်ရှိ ကျောင်းသားနှင့်ဆရာ သမဂ္ဂရုံးခန်းနှစ်ခုကို ဖယ်ရှား

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂရုံးခန်းနှင့် ဆရာများသမဂ္ဂရုံးခန်းတို့ကို ယခု(ဖေဖော်ဝါရီလ ၂၈ ရက်နေ့)တွင် ဖယ်ရှားပေးရန် တက္ကသိုလ်တာဝန်ရှိသူတို့က ပြောဆိုလာကြောင်း သတင်းရရှိသည်။

25 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂရုံးခန်းနှင့် ဆရာများသမဂ္ဂရုံးခန်းတို့ကို ယခု(ဖေဖော်ဝါရီလ ၂၈ ရက်နေ့)တွင် ဖယ်ရှားပေးရန် တက္ကသိုလ်တာဝန်ရှိသူတို့က ပြောဆိုလာကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောင်းသားနှင့်ဆရာသမဂ္ဂရုံးခန်းတို့ကို ဖယ်ရှားပေးရန်အတွက် ယနေ့ပြုလုပ်သည့် ကျောင်းသားနှင့် တက္ကသိုလ်တာဝန်ရှိသူတို့ဆွေးနွေးပွဲတွင် အသိပေးခဲ့သည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဓိက သူတို့အကြောင်းပြတာက ကျနော်တို့လက်ရှိပေးထားတဲ့ နေရာဟာ Rest Center(ကျောင်းသားနားနေဆောင်)ပေါ့၊ အဲ့တော့ ကျောင်းသားတွေကို Rest center ပြန်လည်ဖွင့်ပေးမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ကျနော်တို့ရုံးကိုတောင်းတယ်။ ဒါပေမယ့် ရုံးနေရာမရှိတာကြောင့် ကျနော်တို့ပေးထားတယ်။ တကယ်လို့ ဖယ်ပေးရမယ်ဆိုရင် ကျနော်တို့ကိုအစားထိုးပေးရမယ်” ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးက DMG ကိုပြောသည်။

ယင်းသို့ သတ်မှတ်ရက်အတွင်းမဖယ်ပေးလျှင် အရေးယူမည်ဟု စစ်တွေတက္ကသိုလ်ပါမောက္ခမှ ပြောဆိုခဲ့ကြောင်းနှင့် လက်ရှိစစ်အစိုးရလက်ထက်တွင် အာဏာရှင်ဆန်ဆန် ဖိအားပေးခံရခြင်းဖြစ်ကြောင်း ကျောင်းသားများကဆိုသည်။

“ကျနော်တို့ကတော့ ဖယ်ရှားရမယ်။ ဘာလို့လည်းဆိုတော့ လက်ရှိအခြေအနေအရလည်း ကျနော်တို့က နိုင်ငံရေးအခြေအနေအရ သိပ်အားကောင်းတာမရှိဘူး။ သူတို့ဘက်ကလည်း တိုင်းမှူးအဆင့်ထိ ကိုင်တွယ်မယ်ပြောတဲ့အတွက် ကျနော်တို့ပြန်ပြီးတုန့်ပြန်ဖို့ သဘောတော့မရဘူးပေါ့။ လက်ရှိအခြေအနေအရတော့ နောက်ဆုတ်ပြီးနေရမယ်ဆိုတာတော့ ဆုံးဖြတ်ထားတယ်”ဟု ကိုဘုန်းပြည့်ဖြိုးကပြောသည်။

အဆိုပါရုံးခန်းမှာ တက္ကသိုလ်ကျောင်းသားများ၏ ရသင့်ရထိုက်သည့်အခွင့်အရေးများကို ကာကွယ်ရန်နှင့် ပြင်ပတွင်ရှိသည့် ကျောင်းသားများ၏ပညာရပ်နှင့် အသိပညာ အစစအရာရာကို ဆောင်ရွက်နေသည့်နေရာဖြစ်ကြောင်း ကျောင်းသားတို့ကပြောဆိုကြသည်။
ကျောင်းသားသမဂ္ဂရုံးမရှိသော်လည်း ကျောင်းသားများအခွင့်အရေးကိုကာကွယ်ရန်အတွက် ရရာနည်းလမ်းဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကျောင်းသားသမဂ္ဂ ယာယီအတွင်းရေးမှူး ကိုမင်းကိုအောင်ကပြောသည်။

“ကျောင်းသားများသမဂ္ဂ(စစ်တွေတက္ကသိုလ်)ကို ခုလိုအာဏာရှင်တွေရဲ့အလိုကျ ဖယ်ရှားလိုက်ခြင်းဟာ တက္ကသိုလ်အာဏာပိုင်တွေက သူတို့ရဲ့ဝမ်းရေးနဲ့ အာဏာတည်တံ့ရေးအတွက် ကျွန်နော်တို့ကျောင်းသားမျိုးဆက်တွေကို အလောင်းအစားလုပ်လိုက်ခြင်းဖြစ်တယ်။ ဒါကြောင့် တက္ကသိုလ်အာဏာပိုင်တွေဟာ အာဏာရှင်စနစ်ရဲ့ဒေါက်တိုင်ဖြစ်လို့ သမိုင်းမှာ သူတို့တာဝန်ယူရတဲ့အခါ အလျော်အစားကြီးမယ်”ဟု ကိုမင်းကိုအောင်ကဆိုသည်။

ယခုကဲ့သို့ ကျောင်းသားသမဂ္ဂရုံးကိုဖယ်ရှားလိုက်ခြင်းမှာ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ပြုလုပ်လိုက်ရခြင်းဟု စစ်တွေတက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူ သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက DMG ကိုပြောသည်။

“လောလောဆယ် စစ်တွေတက္ကသိုလ်မှာဖွင့်ထားတဲ့ ကျောင်းသားသမဂ္ဂနဲ့ ဆရာများသမဂ္ဂရုံးခန်းသည် ကျနော်တို့ကျောင်းသား၊ကျောင်းသူ နားနေဆောင်ဖြစ်နေတယ်။ ဆိုတော့ ဝန်ကြီးဌာနက ကျောင်းသားကျောင်းသူနားနေခန်းတွေကို နားနေဆောင်အတိုင်း လုပ်ပါဖို့ဆိုတဲ့အတွက်ကြောင့် ကျနော်တို့က သူတို့ယာယီဖွင့်ထားတဲ့ရုံးခန်းတွေကို လောလောဆယ်မှာ ကျောင်းသားသမဂ္ဂနဲ့ ဆရာများသမဂ္ဂလုပ်ထားတဲ့အဆောင်တွေကို ကျောင်းသားနားနေဆောင်အဖြစ်ပြန်ပြီးအသုံးချမယ်”ဟု ဆိုသည်။

ဆက်လက်ပြီး ဦကျော်နိုင်ဦးက “ဦးစီးဌာန၏ညွှန်ကြားချက်အတိုင်း လိုက်ပြီးတော့လုပ်ရမယ့်အနေအထားရှိပါတယ်။ လောလောဆယ်ကတော့ သူတို့ကိုရုံးခန်းပေးပါမယ်လို့ ဦးစီးဌာနကညွှန်ကြားချက်မရှိသေးတဲ့အတွက်ကြောင့်ပါ။ ယင်းကြောင့်ကျ‌နော်တို့ကတော့ အဲ့ဒါနဲ့ပတ်သက်လို့ သူတို့ကို နောက်ပိုင်းဆက်လုပ်ဖြစ်မယ်လို့တော့ထင်ပါတယ်”ဟု ပြောသည်။

ဗီဒီယိုများ