ရခိုင်တွင် ပင်လယ်ပြင်ကာကွယ်ထိန်းသိမ်းရေး ဧရိယာများတည်ထောင်ရန် လုပ်ဆောင်နေ

ရခိုင်ပြည်နယ်တွင် အဏ္ဏဝါ(ပင်လယ်ပြင်) ကာကွယ်ထိန်းသိမ်းရေးဧရိယာများ တည်ထောင်နိုင်ရန် လုပ်ဆောင် နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS- မြန်မာနိုင်ငံအစီအစဉ်) Marine Conservation Manager (Wildlife Conservation Society – WCS) ဦးသောင်းထွဋ်ကဆိုသည်။

By သီဟ 13 Nov 2020

ပုံစာ - အဆိုပြု ကျွန်းနံ့သာ အဏ္ဏဝါထိန်းသိမ်းရေးဧရိယာအား တွေ့ရစဉ်။(ဓာတ်ပုံ - WCS)

သီဟ | DMG
နိုဝင်ဘာ ၁၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် အဏ္ဏဝါ(ပင်လယ်ပြင်) ကာကွယ်ထိန်းသိမ်းရေးဧရိယာများ တည်ထောင်နိုင်ရန် လုပ်ဆောင် နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS- မြန်မာနိုင်ငံအစီအစဉ်) Marine Conservation Manager (Wildlife Conservation Society – WCS) ဦးသောင်းထွဋ်ကဆိုသည်။

ရခိုင်ပြည်နယ်မှ ဂွကျွန်း၊ နံ့သာကျွန်းနှင့် ကျွန်းနံ့သာတို့တွင် အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာများ တည်ထောင်ရန်လုပ်ဆောင်နေပြီး ပြည်ထောင်စုအစိုးရသို့ တင်ပြထားပြီဖြစ်ကာ များမကြာမီကာလတွင် အတည်ပြုချက်ရနိုင်တော့မည်ဖြစ်ကြောင်း သူကဆိုသည်။

“သစ်တောဦးစီးဌာန၊ သဘာဝတောရိုင်းနှင့် ဇီဝမျိုးစုံမျိုးကွဲဌာနက ဦးဆောင်ပြီးလုပ်နေတာပါ။ ဒီ ၁ နှစ်၊ ၂ နှစ် အတွင်းမှာတော့ အကောင်အထည်ပေါ်လာမယ်လို့ ခန့်မှန်းပါတယ်။ မာန်အောင်မှာလည်း ဒေသခံတွေ ဦးဆောင်တဲ့ ထိန်းသိမ်းရေးဧရိယာတွေ လုပ်ဖို့အစီအစဉ်ရှိပါတယ်။ အဲဒီဘက်မှာက ရှားပါးမျိုးစိတ်တွေလည်း ရှိနေတာကြောင့်ပါ” ဟု ဦးသောင်းထွဋ်က ရှင်းပြသည်။

အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာများ တည်ဆောက်ရန်အတွက် နိုင်ငံတော်ဘက်မှ စိတ်ဝင်စားမှု၊ ဥပဒေ လွှမ်းမိုးနိုင်မှုနှင့် ပြည်သူများ၏ စိတ်ဝင်တစား ပူးပေါင်းပါဝင်မှုများမှာ အထူးအရေးကြီးကြောင်းကိုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာတွေ တည်ဆောက်နိုင်ပြီဆိုရင် လူတွေကြောင့် ပျက်စီးနေပြီဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်တွေ ပြန်ကောင်းလာမယ်။ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် နေရာပြန်ရလာမယ်။ ဒါတွေ ပြန်ကောင်းလာတာနဲ့အမျှ လူတွေအတွက် စားနပ်ရိက္ခာတွေ ဖူလုံလာမယ်။ အသက်မွေးဝမ်းကျောင်းတွေ အဆင်ပြေလာမှာပါ။ မထိန်းဘူးဆိုရင်တော့ အကုန်ပျက်ကုန်မှာပဲလေ” ဟု ဦးသောင်းထွဋ်က ဆိုသည်။

လက်ရှိတွင် လူများ၏ ငါးအလွန်အကျွံဖမ်းဆီးမှု၊ ရေမြှုပ်မိုင်းအသုံးပြု ငါးဖမ်းဆီးမှုနှင့် စနစ်မကျသော ငါးဖမ်းဆီး မှုများကြောင့် ငါးမျိုးစိတ်များနှင့် ဂေဟစနစ်၌ အရေးပါသည့် သက်ရှိသက်မဲ့မျိုးစိတ်များ ပြုန်းတီးလာကာ ရေအောက်သန္တာကျောက်တန်းများပျက်စီးမှုများနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်းကိုလည်း သူကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အကြီးဆုံးဒီရေတောဖြစ်သည့် ဝန်ဖိုက်ဒီရေတောနှင့် ကျိန္တလီကျွန်းတို့ကို အဏ္ဏဝါ ကာကွယ်ထိန်းသိမ်းရေးဧရိယာအဖြစ်သတ်မှတ်ကာ ထိန်းသိမ်းမှုများဆောင်ရွက်ထားကြောင်း သိရသည်။

အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာ မသတ်မှတ်မီက တစ်ရက်လျှင် ငါးပုဇွန်အများဆုံး သုံးပိဿာခန့်သာ ရရှိခဲ့သော်လည်း ထိန်းသိမ်းရေးဧရိယာပြုလုပ်ပြီးနောက်တွင် ပိဿာချိန် ၂၀/၃၀ခန့်အထိ ရရှိမှုများ ရှိလာကြောင်း ကျိန္တလီကျွန်းမှ ရေလုပ်ငန်းလုပ်ကိုင်သူ ဦးစိုးလွင်က ဆိုသည်။

“ကျွန်တော်တို့ဆီမှာ ဧရိယာတွေသတ်မှတ်ပြီးတော့ ထိန်းသိမ်းရေးအတွက် ကင်းလှည့်တာတွေလုပ်တယ်။ အဲ့ဒီတော့ကမ်းဝေးသမားတွေက ကျွန်တော်တို့ဆီဝင်ဖမ်းလို့ မရကြတော့ဘူး။ ဒီအတွက်လည်း ကျွန်တော်တို့ ဒေသခံရေလုပ်သားတွေမှာ အများကြီးအကျိုးရှိပါတယ်” ဟု သူကဆိုသည်။

အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာများ တည်ဆောက်ခြင်းစီမံကိန်းကို ရခိုင်အပါဝင် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသခြောက်ခုတွင် ပြုလုပ်သွားရန် စီမံထားကြောင်းလည်း သိရသည်။

ဗီဒီယိုများ