ရခိုင်တွင် မိုင်းအန္တရာယ်အသိပညာပေးမှု အစိုးရ ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ဟု အရပ်ဘက်အဖွဲ့များဆို

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် နယ်မြေများမှ ဒေသခံများအား မိုင်းအန္တရာယ်ကာကွယ်ရန် အသိပညာပေးမှုများ ပိုမိုထိရောက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုကြသည်။

By အောင်ထိန် 26 Dec 2020



အောင်ထိန် | DMG
ဒီဇင်ဘာ ၂၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် နယ်မြေများမှ ဒေသခံများအား မိုင်းအန္တရာယ်ကာကွယ်ရန် အသိပညာပေးမှုများ ပိုမိုထိရောက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုကြသည်။

လက်ရှိတွင် မိုင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးမှုနှင့် ပတ်သက်၍ ပြည်တွင်းအရပ်ဖက်အဖွဲ့စည်းများဖြစ်သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) နှင့် ဝံလက်ဖောင်ဒေးရှင်းအဖွဲ့တို့က လုပ်ဆောင်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်တို့တွင် မိုင်းအန္တရာယ်အသိပညာပေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“ရခိုင်ပြည်မှာ မိုင်း Action Group ဖွဲ့ရင်တော့ ကောင်းတာပေါ့။ တခြားပြည်နယ်တွေမှာ ပြည်နယ်အဆင့် အရပ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့တွေ၊ NGO ပေါင်းလို့ ဖွဲ့တာတွေရှိတယ်။ အဲလိုမျိုး ဖွဲ့ဖို့လိုတယ်။ နောက်ပိုင်းတော့ ဖွဲ့ကောင်းလည်းဖွဲ့လာနိုင်လိမ့်မယ်။ အစိုးကအားပေးမှုတွေလုပ်တော့ ပိုကောင်းတာပေါ့ ပိုပြီးကျယ်ကျယ် ပြန့်ပြန့်နဲ့ အများကြီးလုပ်နိုင်လာမယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး စသည့် မြို့နယ်များတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU)က ထုတ်ပြန်ထားသည်။

တိုက်ပွဲနှစ်နှစ်တာကာလအတွင်း ကလေးသူငယ်များ၊ လူကြီး၊ လူလတ်များမှာ မြေမြှုပ်မိုင်း၏ ဆိုးကျိုးများကြောင့် သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးကာ မသန်စွမ်းဖြစ်သွားသူများလည်းရှိသည်။
လက်ရှိအချိန်၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲဖြစ်ပွားမှုများ ရပ်တန့်နေသဖြင့် နေရပ်ပြန်သည့် စစ်ဘေးရှောင်တချို့ရှိသော်လည်း အများစုက မိုင်းအန္တရာယ်ကို စိုးရိမ်သည့်အတွက် မပြန်ရဲဘဲ ရှိနေကြသည်။

“ကျွန်တော်တို့က ရွာကိုတော့ ပြန်ချင်ပါတယ်။ ပြန်ချင်ပေမယ့် မပြန်ရဲတဲ့ဘဝပါ။ တပ်မတော်က ရွာအနီးတပ်စွဲတာရှိခဲ့တော့ မိုင်းတွေဘယ်လောက်ရှိမယ်ဆိုတာ ကျွန်တော်တို့မသိဘူး။ ရွာမပြန်ချင်တာမဟုတ်ဘူး မိုင်းအန္တရာယ်ကို ကြောက်နေရတာကြောင့် မပြန်ရဲတာ” ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေသည့် ကျောက်တော်မြို့နယ် ပြိုင်းတိုင်းကျေးရွာမှ ဦးအောင်ကျော်မြက ပြောသည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးပဋိပက္ခအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူများထဲတွင် အများစုက ကလေးငယ်များဖြစ်ကြသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉) လတာ ကာလအတွင်း ကလေးငယ် ၁၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၆ ဦးအထိ ရှိခဲ့ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေးအဖွဲ့ (UNICEF) က နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ မိုင်းနှင့်စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိမှု ၃၅ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ကလေးသူငယ်ထိခိုက်သေဆုံးမှု ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း UNICEF ၏ စာရင်းများအရ သိရသည်။

မိုင်းအန္တရာယ် အသိပညာပေးမှု လုပ်ငန်းများဆောင်ရွက်ရာတွင် အရပ်ဖက်အဖွဲ့အစည်းအနေဖြင့် အတိုင်းအတာတစ်ခုသာ လုပ်ဆောင်နိုင်ပြီး အစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ထောက်ပြသည်။

“အစိုးရအစိုးရအနေနဲ့ကျတော့ ပိုပြီးလုပ်နိုင်တယ်ပေါ့။ အစိုးရလို့ ပြောတဲ့အခါ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဘေး/စီမံအဓိကပေါ့။ မိုင်းနဲ့ပတ်သက်လို့ ပညာပေးတဲ့အပြင် မိုင်းကြောင့် ခြေထောက်ပြတ်သွားတယ်။ လက်ပြတ်သွားတယ်ဆိုရင် သူတို့ရဲ့အသက်မွေးဝမ်းကြောင်းအတွက်ပါ ထည့်သွင်းစဉ်းစားရတဲ့ အပိုင်းတွေရှိတယ်။ ဒါကြောင့် အစိုးရအနေနဲ့လည်း လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု ဦးခိုင်ကောင်စံကဆိုသည်။

ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့်ရှမ်း (မြောက်) တို့တွင် မိုင်းနှင့်ပတ်သက်၍ အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်းကာ မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ အစိုးရ၏ သဘောထားကို သိရှိရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် တပ်တော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်တာ ကာလအတွင်း မိုင်းထိမှန်မှုနှင့် စစ်ကျန်လက်နက်ထိမှန်မှုတို့ကြောင့် သေဆုံးသူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦး အထိ ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ