ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀ ဦးရှိ

“အမျိုးသမီးပါဝင်မှုကတော့ အရင်ထက် နည်းနည်းများလာတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေ နိုင်ငံရေး ပါတီထဲမှာ ပါဝင်လာအောင် ပါတီတွေ ကိုယ်တိုင်ကလည်း ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ အဲဒီလိုပဲ အမျိုးသမီးအဖွဲ့တွေမှာ ဦးဆောင်ပြီးလုပ်နေတဲ့ အမျိုးသမီးတွေကလည်း နိုင်ငံရေးမှာ ထဲထဲဝင်ဝင်လုပ်ပြီးတော့ လွှတ်တော်ထဲမှာ အမျိုးသမီးပါဝင်လာအောင် ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

By မင်းထွန်း 12 Aug 2020

မင်းထွန်း | DMG
သြဂုတ် ၁၂ ၊ စစ်တွေ

၂ဝ၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၀ ဦးရှိကြောင်း သိရသည်။

အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရခိုင်အမျိုးသားပါတီ(ANP)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ဖြစ်ကြသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းအထဲတွင် ရခိုင်အမျိုးသားပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှုမှာ ခြောက်ဦးအထိ ရှိနေ သော်လည်း နိုင်ငံရေးတွင်အမျိုးသမီးပါဝင်မှု အားနည်းနေကြောင်း ANP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်ပြောကြားခဲ့သည်။

“ကျမတို့ရဲ့ ရခိုင်ပြည်နယ် အခြေအနေကို လေ့လာကြည့်လိုက်တော့ အမျိုးသမီးတွေက နိုင်ငံရေးကို စိတ်ဝင် စားမှု နည်းနည်းအားနည်းတယ်။ အခုဆိုရင် ကိုယ်စားလှယ်လောင်း ခြောက်ဦးလောက် ပါဝင်လာတယ်ဆိုပေမယ့် ပြိုင်တဲ့အခါ အနိုင်ရရှိဖို့လည်း လိုသေးတယ်။ လွှတ်တော်မှာကိုယ်စားပြုဖို့ အမျိုးသမီးတွေ အများကြီး ပါဝင်လာလေ ကျွန်မတို့က ပိုပြီးအားရှိလေဖြစ်တယ်။ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်လာဖို့ အများကြီးတွဲခေါ် ရဦးမယ်။ ဒီခြောက်ယောက်နဲ့တော့ မပြည်စုံသေးဘူး၊ တော်တော်အားနည်းတယ်လို့မြင်တယ်” ဟု ၎င်းက ပြောသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းဦးရေသည် ယခင်၂၀၁၀၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများထက် ပိုမိုများပြားလာ သော်လည်း  အမျိုးသမီးများ ယခုထက် ပိုမိုပါဝင်လာစေရန် နိုင်ငံရေးပါတီများက ထည့်သွင်းစဉ်းစားထားရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးခိုင်ကောင်းစံက ပြောသည်။

“အမျိုးသမီးပါဝင်မှုကတော့ အရင်ထက် နည်းနည်းများလာတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေ နိုင်ငံရေး ပါတီထဲမှာ ပါဝင်လာအောင် ပါတီတွေ ကိုယ်တိုင်ကလည်း ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ အဲဒီလိုပဲ အမျိုးသမီးအဖွဲ့တွေမှာ ဦးဆောင်ပြီးလုပ်နေတဲ့ အမျိုးသမီးတွေကလည်း နိုင်ငံရေးမှာ ထဲထဲဝင်ဝင်လုပ်ပြီးတော့ လွှတ်တော်ထဲမှာ အမျိုးသမီးပါဝင်လာအောင် ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ လွှတ်တော်ထဲတွင် ရခိုင်ပြည်နယ်မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များမှာ အမျိုးသား လွှတ်တော်တွင် နှစ်ဦးနှင့် ပြည်သူ့လွှတ်တော်တွင် တစ်ဦးရှိနေပြီး ပြည်နယ်လွှတ်တော်တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် မရှိပေ။

လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာထားသည်။

ဗီဒီယိုများ