ယိုးတရုတ်စံပြကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီး စတင်ရရှိ

လက်ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတွင်  မတ်လ ၂၄ ရက်နေ့က စတင်ပြီး ၂၄ နာရီ လျှပ်စစ်မီးစတင်ရရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

26 Mar 2021

DMG ၊ မတ် ၂၆

လက်ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတွင်  မတ်လ ၂၄ ရက်နေ့က စတင်ပြီး ၂၄ နာရီ လျှပ်စစ်မီးစတင်ရရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

လျှပ်စစ်မီးလင်းဖွင့်ပွဲနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဟောပြောပွဲကို ယိုးတရုတ်ကျေးရွာရှိ အောင်ဆုပန် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ မနေ့က ကျနော်တို့ဆီမှာ လျှပ်စစ်မီးရတာဟုတ်ပါတယ်။ လျှပ်စစ်မီးရတာကတော့ ၃၅% ရသေးတယ်။ နောက်အိမ်တွေက ဝါယာကြိုးသွယ်ဖို့အတွက် မီးတိုင်းတွေမရှိသေးအတွက် မရသေးဘူး။ အခု မီးရတာကတော့ အိမ်ခြေ ၄၀၉ ဆောင်ပဲ ရသေးတယ် ” ဟု ယိုးတရုတ်အုပ်ချုပ်မှူး ဦးစံအောင်သိန်းက DMG သို့ ပြောသည်။

လက်ရှိမှာ ယိုးတရုတ်ကျေးရွာရှိ အိမ်ခြေ ၄၀၉ ဆောင်သာ ရရှိပြီး တစ်ရွာလုံးကို မီးရရှိစေလိုကြောင်း ကျေးရွာသားတစ်ဦးဖြစ်သူ ကိုမြတ်နိုင်ဦး က DMG သို့ ပြောသည်။

“ မနေ့က မီးရတဲ့ ၄၀၉ ဆောင်ထဲမှာ ကျနော်အိမ်လည်းပါတယ်။ အခုက လမ်းမပေါ်မှာရှိတဲ့ အိမ်တွေရတယ်။ မီးရတဲ့အတွက် ထမင်းချက်တာတွေလည်း အဆင်ပြေတယ်၊ အဖက်ဖက်က အဆင်ပြေတယ်။ မီးမရသေးတဲ့ နေအိမ်တွေကိုလည်း မီးရစေချင်တယ်။ နောက်နှစ်လောက်ဆိုရင်တော့ တစ်ရွာလုံးနီးပါး မီးရနိုင်ပါတယ်” ဟု ဆိုသည်။

ထိုလျှပ်စစ်မီးလင်းဖွင့်ပွဲနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပညာဟောပြောပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက အဖွင့်စကားပြောကြားပြီး မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးမိုးကျော်သူက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ပညာပေးခြင်းကို ဟောပြောခဲ့ကြောင်း သိရသည်။

ယိုးတရုတ်ကျေးရွာတွင် အိမ်ခြေ ၁၃၀၀ ကျော်ရှိပြီး ပထမ အဖြတ်အနေဖြင့် အိမ်ခြေ ၄၀၉ ဆောင်ကို လျှပ်စစ်မီးဖြန့်ဝေပေးကာ နောက်ထပ်မံပြီး လျှပ်စစ်ပီးတိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူး ဦးစံအောင်သိန်းက ပြောသည်။

ဗီဒီယိုများ