ရခိုင်ဒီရေတောများအား အချိန်မီ ထိန်းသိမ်းရန်လိုအပ်

ရခိုင်ပြည်နယ်အတွင်းရှိ ဒီရေတောများကို ထိန်းသိမ်းမှုလုပ်ငန်းနှင့် ပြန်လည်အစားထိုး စိုက်ပျိုးမှုလုပ်ငန်းများကို အချိန်မီ မလုပ်ဆောင်ပါက  လုံးဝပြုန်းတီးသွားနိုင်ကြောင့် ဒီရေတောလေ့လာ စောင့်ကြည့်နေသူများက ပြောသည်။

By သက်နိုင် 15 Nov 2018

နိုဝင်ဘာ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်၊ သက်နိုင် / DMG

ရခိုင်ပြည်နယ်အတွင်းရှိ ဒီရေတောများကို ထိန်းသိမ်းမှုလုပ်ငန်းနှင့် ပြန်လည်အစားထိုး စိုက်ပျိုးမှုလုပ်ငန်းများကို အချိန်မီ မလုပ်ဆောင်ပါက  လုံးဝပြုန်းတီးသွားနိုင်ကြောင့် ဒီရေတောလေ့လာ စောင့်ကြည့်နေသူများက ပြောသည်။

ဒီရေတောများသည် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်သကဲ့သို့ အနာဂတ်မှာလည်း သားငါးပုဇွန်များ မျိုးတုန်းဆုတ်ယုတ်ခြင်းများကို ကာကွယ်ပေးနိုင်သည့်အတွက်ကြောင့် ဒီရေတောများကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးသည်ဟု ဆိုကြသည်။

“ ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ဒီရေတောတွေကို စောင့်ရှောက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှုတွေကလည်း မရှိသလောက် အားနည်းနေတယ်။ စိုက်လို့ရတဲ့ နေရာတွေမှာလည်း အများကြီး စိုက်ပျိုးဖို့လိုအပ်ပါတယ် ” ဟု ရပ်ရွာလူထု စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးအဖွဲ့မှ ဒီရေတော စောင့်ကြည့်အကဲဖြတ်အရာရှိ  ဦးသန်းလှိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သူအများစုသည် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြသည့်အတွက်ကြောင့် ဒီရေတောများ၏ အခန်းကဏ္ဍသည် လူ့အသုံးအဆောင်ပစ္စည်းအပြင် ပြည်သူလုထုများ အဓိကအားထားနေရသည့် ရေသယံဇာတများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း အရေးပါသည်ဟု ဦးသန်းလှိုင်က ဆက်လက်ဆိုသည်။

“ အစိုးရကတော့ ဒီရေတောနဲ့ပတ်သက်ပြီး မြေပုံမြို့နယ်မှာ တစ်နှစ်ကို ဧကတစ်ရာလောက် စိုက်နေတယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့အဖွဲ့ကလည်း ဒီရခိုင်ပြည် တောင်ပိုင်းဒေသတွေမှာ လက်လှမ်းမီသလောက် စိုက်ပျိုးနေတယ် ” ဟု သူကပြောသည်။

လက်ရှိအချိန်တွင် ဒီရေတောများအား မြေပုံမြို့နယ်တွင် ကျေးရွာပေါင်း ၆ ရွာ၊ စစ်တွေမြို့နယ်တွင် ၁၅ ရွာ၊ ရသေ့တောင်မြို့နယ်တွင် ၁၀ ရွာ၊ ပေါက်တောမြို့နယ်တွင် ၅ ရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၈ ရွာအထိ စိုက်ပျိုး လျက်ရှိသည်။

ဗီဒီယိုများ