ဒီရေတောများကို အရေးတကြီး ကာကွယ်ထိန်းသိမ်းကြရန် ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့တွင် တောင်းဆို 

ဒီရေရောက်သစ်ပင်များမှာ နေ့စဉ်နှင့်အမျှ ခိုးယူခုတ်လှဲခံရခြင်း၊ စီးပွားရေးလုပ်ကွက်ဖော်ဆောင်ရန် ခုတ်ထွင်ရှင်းလင်းခံရခြင်းတို့ကြောင့် တဖြည်းဖြည်းပြုန်းတီးလာနေပြီး မျိုးပွားရှင်သန်ရန်ခက်ခဲလာကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းသူများက ဆိုသည်။ 

By Admin 27 Jul 2023

အမ်းမြို့နယ်အတွင်း ဒီရေတော စိုက်ပျိုးထိန်းသိမ်းနေသူများအား ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။
အမ်းမြို့နယ်အတွင်း ဒီရေတော စိုက်ပျိုးထိန်းသိမ်းနေသူများအား ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၇ 

ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်နိုင်သည့်အပြင် ရေသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲများအတွက် အရေးပါသော ဒီရေတောများကို အရေးတကြီး ကာကွယ်ထိန်းသိမ်းကြရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက ဇူလိုင်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့တွင် တောင်းဆိုလိုက်သည်။  

ဒီရေတောဂေဟစနစ် အရေးကြီးမှုကိုသိရှိရန်နှင့် ပြုန်းတီးမှုကို ကာကွယ်ရန်အတွက် UNESCO အဖွဲ့က ဇူလိုင်လ ၂၆ ရက်နေ့ကို နိုင်ငံတကာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အဖြစ် ၂၀၁၅ ခုနှစ်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။  

လက်ရှိတွင် ဒီရေရောက်သစ်ပင်များမှာ နေ့စဉ်နှင့်အမျှ ခိုးယူခုတ်လှဲခံရခြင်း၊ စီးပွားရေးလုပ်ကွက်ဖော်ဆောင်ရန် ခုတ်ထွင်ရှင်းလင်းခံရခြင်းတို့ကြောင့် တဖြည်းဖြည်းပြုန်းတီးလာနေပြီး မျိုးပွားရှင်သန်ရန်ခက်ခဲလာကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းသူများက ဆိုသည်။ 

“အပင်ကြီးတစ်ပင်ကို ခုတ်လှဲလိုက်တဲ့အခါ ဘေးနားက အပင်သေးသေးလေးတွေလည်း ပိပြီးသေသွားတာတွေကို အများကြီးတွေ့နေရတယ်။ ဒီလိုသာ ရေရှည်သွားကြမယ်ဆိုရင် ရခိုင်ကဒီရေတောတွေ မျိုးပွားရှင်သန်ဖို့ တော်တော်လေး အခက်အခဲဖြစ်နေရအုံးမယ်” ဟု ဒီရေတောထိန်းသိမ်းစိုက်ပျိုးသူ အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။ 

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်သည်နှင့်အညီ ဒီရေတောပေါက်ရောက်မှု ပေါများရာဒေသဖြစ်သည်။ ယခုနှစ်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်အတွင်းရှိ သစ်ပင်၊ သစ်တော အများအပြား ပြိုလဲပျက်စီးသွားပြီး ယင်းအထဲတွင် ဒီရေတောများလည်း အပါအဝင်ဖြစ်သည်။ 

မြောက်အိန္ဒိယ သမုဒ္ဒရာတွင် ဖြစ်ပေါ်ခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်တွင် လူဦးရေ ၁၁ သိန်းကျော် ထိခိုက်နစ်နာခဲ့ပြီး အဆောက်အအုံပေါင်း နှစ်သောင်းလေးထောင်ကျော် ပျက်စီးခဲ့ရသည်။ 

“ဒီရေတောတွေဟာ နဂိုကတည်းက လူတွေရဲ့ခုတ်ထွင်မှုတွေကို ခံထားရသလို မုန်တိုင်းကြောင့် ပိုပြီးတော့ ပြုန်းတီးမှုဒဏ်ကို ခံကြရတယ်။ ဒီရေတောတွေရှင်သန်နိုင်ဖို့ ကာကွယ်ထိန်းသိမ်းမှုတွေ အရင်ထက်လုပ်ဖို့ လိုအပ်နေပါတယ်” ဟု ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဦးရန်နောင်စိုးက ပြောသည်။

ဒီရေတောများသည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ မြေပြိုကျမှု၊ ရေတိုက်စားမှု၊ လေမုန်တိုင်းတိုက်ခတ်မှု စသည့် သဘာဝဘေးရန်များကို ကွယ်ကာလျှော့ချပေးနိုင်ပြီး ငါး၊ ပုဇွန် ၊ ဂဏန်း စသည့် ရေသယံဇာတပေါများစေသည့်အပြင် ဇီဝမျိုးစုံမျိုးကွဲပေါင်းများစွာအတွက်လည်း အထောက်အကူပြုသည်။ 

ဒီရေတောများမှာ ကမ္ဘာကြီးအတွက် အလွန်အရေးကြီးသော ဂေဟစနစ်တစ်ခုဖြစ်သည်ကို သိမြင်နားလည်မှု အားနည်းခြင်းကြောင့် နေ့စဉ်ခုတ်လှဲခံနေရပြီး သက်ဆိုင်ရာအာဏာပိုင်များကလည်း အရေးယူမှု အားနည်းနေဆဲဖြစ်၍ လူတစ်ဦးတစ်ယောက်ချင်း အနေဖြင့် ဒီရေတော၏ အရေးပါမှုကို သိရှိရန်လိုအပ်နေသည်။  

“တကယ်လို့ မုန်တိုင်းတိုက်လို့ ရေလှိုင်းလုံးကြီးတွေ တက်လာခဲ့မယ်ဆိုရင်တောင် ဒီရေတောကောင်းကောင်းရှိတဲ့ မြို့တွေ၊ ကျေးရွာဒေသတွေက ဒီရေတက်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်တယ်ဆိုတာ တွေ့ရမှာဖြစ်တယ်” ဟု ရမ်းဗြဲမြို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်သူ ကိုထွန်းနိုင်က ပြောသည်။ 

သစ်ပင်သစ်တောနှင့် ဒီရေတောများ ပြုန်းတီးလာခြင်း၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် ရာသီဥတုဖောက်ပြန်မှုနှင့်အတူ သဘာဝဘေးအန္တရာယ်များကိုပါ ရင်ဆိုင်လာကြရသည်။ 

ကမ္ဘာပေါ်တွင် ဂေဟစနစ်အများအပြားရှိသည့်အနက် ဒီရေတောဂေဟစနစ်သည် ကာဗွန်အများဆုံး စုပ်ယူထားနိုင်ပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ထိန်းညှိရာတွင် အရေးပါဆုံးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ပြောဆိုထားသည်။  

သို့သော်လည်း လူမှုစီးပွားရေးသက်ရောက်မှုများကြောင့် ဒီရေတောပျက်စီးပြုန်းတီးမှုမှာ ကမ္ဘာပေါ်ရှိ အခြား သစ်တောများထက် သုံးဆမှ ငါးဆအထိရှိနေပြီး ဒီရေတောတစ်ဝက်ကျော်မှာလည်း နှစ်ပေါင်းလေးဆယ်အတွင်း ပြုန်းတီးသွားပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည့် အစီရင်ခံစာများတွင် ဖော်ပြထားသည်။ 

#I008

ဗီဒီယိုများ