အမ်းမြို့နယ် ကမ်းကျွန်းမြစ်ထဲတွင် ကမာကောင်များ သေဆုံးလျက်တွေ့

အရင်တုန်းကဆိုရင် အဲဒီနေရာတွေမှာ ကမာကောင်တွေ တော်တော်များတယ်။ အခုတော့ မရှိသလောက်ကို ရှားပါးသွားတယ်။ အရင်တုန်းကဆိုရင် ပါးစပ်တွေဟထားတယ်။ လူတွေလာရင်ဖြစ်ဖြစ် ထိလိုက်ရင်ပဲဖြစ်ဖြစ် ပါးစပ်ပိတ်သွားတယ်။ အခုကတော့ လုံးဝကို ပါးစပ်ဟပြီးတော့ သေနေကြတာ” ဟု ကျောက်မြောင်းကျေးရွာမှ ကိုကျော်လင်းက ပြောသည်။

22 Jan 2019

ခိုင်မင်း(ကျောက်ဖြူ) | DMG
ဇန်နဝါရီလ ၂၂၊ အမ်း

အမ်းမြို့နယ်၊ ကမ်းကျွန်းမြစ်ထဲတွင် ကမာကောင်များ သေဆုံးလျက် တွေ့လာရသည်ဟု ကမာကောင်ငုပ်သူများက DMG ကို ပြောကြသည်။

ယင်းကဲ့သို့ ကမာကောင်များ သေဆုံးနေခြင်းမှာ လွန်ခဲ့သည့် သြဂုတ်လတွင် ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သံဇစ်မြစ်ရေ ညစ်ညမ်းမှုကြောင့်ဟု ဒေသခံများက ထင်မြင်ယူဆနေကြသည်။

“ကျွန်တော်တို့ ဝါကျွတ်လလောက်က စတင်ပြီးတော့ တစ်ယောက်တလေ ဆင်းကြည့်ချိန်ကတည်းက တွေ့ရှိတာပါ။ အခုရာသီက ကမာကောင်ငုပ်ပြီး ရှာတဲ့အချိန်ပါ။ အရင်တုန်းကဆိုရင် အဲဒီနေရာတွေမှာ ကမာကောင်တွေ တော်တော်များတယ်။ အခုတော့ မရှိသလောက်ကို ရှားပါးသွားတယ်။ အရင်တုန်းကဆိုရင် ပါးစပ်တွေဟထားတယ်။ လူတွေလာရင်ဖြစ်ဖြစ် ထိလိုက်ရင်ပဲဖြစ်ဖြစ် ပါးစပ်ပိတ်သွားတယ်။ အခုကတော့ လုံးဝကို ပါးစပ်ဟပြီးတော့ သေနေကြတာ” ဟု ကျောက်မြောင်းကျေးရွာမှ ကိုကျော်လင်းက ပြောသည်။

ယခင်က ကမာကောင်(၃၀၀)နှင့် အထက်ရရှိခဲ့ပြီး ယခုအခါ တစ်နေ့ကို  (၄၀) ခန့်သာ ရရှိသောကြောင့်  ကမာကောင်ငုပ်သူများမှာ အခက်အခဲများရှိနေသည်ဟု ကမာကောင်ငုပ်လုပ်ငန်းကို လွန်ခဲ့သည့် (၁၈)နှစ်ကပင်  လုပ်ကိုင်နေသည့် ကျောက်မြောင်းကျေးရွာမှ ကိုမြင့်ကျော်က ဆိုသည်။

“ကျွန်တော် ကရု(ကမာ)ကောင် ငုပ်လာတာ ၁၈ နှစ်ရှိပါပြီ။ ဒီလောက်အခက်အခဲ ဒီလိုရှားပါးတဲ့ပုံစံမျိုး မတွေ့ဖူးဘူး။ ငုပ်လိုက်ရင် အသေတွေပဲတွေ့တယ်။ (၄၀/၅၀)ရမယ့်အရေး တော်တော်ငုပ်ယူရတယ်။ လွန်ခဲ့တဲ့(၅)လလောက်တုန်းက ရေတွေမဲပြီးတော့ အတန်းလိုက် တက်လာတာကို မြင်လိုက်ရတယ်။ ဒီအတန်းတွေကြောင့်လားလို့ ယူဆတယ်” ဟု ၎င်းပြောသည်။

ကမာကောင်များ သေဆုံးနေခြင်းကို  ဒေသခံများထံမှ စုံစမ်းသိရှိရသည့်အတွက်  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်ဟု အမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်းနိုင်က ပြောသည်။

“ကျွန်တော်တို့ စုံစမ်းကြည့်လိုက်တော့ ကမာကောင်တွေ သေဆုံးတာတော့ မှန်ပါတယ်။ သေတာကတော့ မိုးရာသီတုန်းက သေတာဖြစ်နိုင်တယ်။ သေတဲ့အကောင်တွေမှာ အသားတွေက မရှိတော့ဘူးဖြစ်နေတာ။ သက်တမ်းကုန်လို့သေရင် ကမာကောင်တွေက အခွံ့တွေက ကွာကျပြီးတော့သေတယ်။ အခုကတော့သက်တမ်းကုန်လို့ သေတာမဟုတ်ဘူး။ ပြင်ပ ပယောဂကြောင့် သေတာဖြစ်နိုင်တယ်လို့ ကမာကောင်ငုပ်သူတွေက ပြောပြတဲ့အတွက် သိရတယ်။ ကျွန်တော်ကတော့ ကွင်းဆင်းစစ်ဆေးပြီး အထက်ကို တင်ပြသွားမှာဖြစ်တယ်” ဟု  အမ်းမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်းနိုင်က ပြောသည်။

အမ်းမြို့နယ်အတွင်းက ကျောက်မြောင်း စသည့် ကျေးရွာ(၁၅) ရွာက ဒေသခံများမှာ ကမ်းကျွန်းမြစ်ကို အမှီသဟဲပြုပြီး ကမာငုပ်ခြင်းနှင့် ရေလုပ်ငန်းများကို လုပ်ကိုင်နေကြသည်။  

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအအတွင်းက သံဇစ်မြစ်ရေ ညစ်ညမ်းမှုကြောင့် ကျောက်ဖြူ၊ မြေပုံ၊ အမ်း စသည့်မြို့နယ်တွင် ခုံး(ဂုံး)ကောင်များ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် - 

သံဇစ်မြစ်ရေ အရည်အသွေးကျဆင်းနေမှုကိုစစ်ဆေးရန် ပြည်နယ်အစိုးရထံတင်ပြ

သံဇစ်မြစ်ရေညစ်ညမ်းမှုနဲ့ ဒေသခံရေလုပ်သားတို့အခြေအနေ

သံဇစ်မြစ်ရဲ့ ငိုရှိုက်သံ

ဗီဒီယိုများ