ကျောက်ဖြူတွင် တရုတ်နိုင်ငံသားပိုင် ငါးမုန့်ကြိတ်စက်ရုံ၌ ကျောက်မီးသွေးအသုံးပြုရန် ပြင်ဆင်ထား

ကျောက်မီးသွေးဖြင့် လည်ပတ်မည့် အဆိုပါ စက်ရုံအကြောင်းကို ပြည်နယ်အစိုးရအဖွဲ့ မသိရှိသေးပေ။ ယင်းစက်ရုံကိစ္စကို တင်ပြထားခြင်းနှင့် ခွင့်ပြုပေးထားခြင်းလည်း မရှိသေးကြောင်း  ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က DMG ကိုဆိုသည်။

31 Jul 2019

ကျောက်မီးသွေးဖြင့် လည်ပတ်မည့် အဆိုပါ စက်ရုံအကြောင်းကို ပြည်နယ်အစိုးရအဖွဲ့ မသိရှိသေးပေ။ ဓာတ်ပုံ - ဦးဖိုးစံ

ခိုင်ရိုးလ | DMG

ဇူလိုင် ၃၁၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် မိုင် (၃၅)ခန့်ဝေးကွာသည့် ကင်းမြောက်ကျေးရွာအုပ်စု၊ ပင်လယ်နားကျေးရွာတွင် တည်ဆောက်ထားသည့် တရုတ်နိုင်ငံသားပိုင် ငါးမုန့်ကြိတ်စက်ရုံတွင်  ကျောက်မီးသွေးများကိုအသုံးပြု၍  လည်ပတ်ရန်ပြင်ဆင်ထားသည်ကို  တွေ့ရသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက DMG ကိုပြောသည်။

ဒေသခံများက စက်ရုံတစ်ရုံတည်ဆောက်နေသည်ဟု သတင်းပေးချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့်အတူ  ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ တို့ သွားရောက်ကြည့်ရှုရာတွင်  ကျောက်မီးသွေးကို လောင်စာအဖြစ် အသုံးပြုရန်ပြင်ဆင်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“စက်ကမလည်ရသေးဘူး။ ကျောက်မီးသွေးဟာ ဆိပ်ကမ်းထက်မှာ အဆင်သင့်စုပုံထားရတာကို တွေ့ရတယ်။ အဲဒါကို လျှပ်စစ်လည်းရနေပြီဆိုတော့ မလည်သေးဘူးလားမေးတော့ ကျွန်တော်တို့စက်က လျှပ်စစ်နဲ့ လည်လို့ရတဲ့စက်မဟုတ်ဘူး။ ကျောက်မီးသွေးနဲ့ပဲ လည်လို့ရတဲ့စက်ဖြစ်တဲ့အတွက်  ကျောက်မီးသွေးစုထားတာ။ နောက်လည်း ရောက်လာမယ်လို့ပြောတယ်” ဟု ငါးမုန့်ကြိတ်စက်ရုံဘက်မှ ပြောကြားလိုက်သည့် စကားများကို ဦးဖိုးစံက DMG ကို ပြန်ပြောပြသည်။

လက်ရှိတွင် ငါးမုန့်ကြိတ်ရန် စက်နှစ်လုံးတပ်ဆင်ပြီးစီးနေပြီဖြစ်ကာ မည်သည့်အချိန်တွင် စတင်လည်ပတ်မည်ကို မသိရှိသေးဟု  ၎င်းကဆက်လက်ဆိုသည်။

“ကျောက်မီးသွေးက တစ်နေ့ကို ဘယ်လောက်သုံးမယ်မသိ။ သို့သော် ပစ္စည်းက တစ်နေ့ကို တန်တစ်ရာထွက် စက်ရုံတဲ့” ဟု ဦးဖိုးစံက ပြောသည်။

ကျောက်မီးသွေးဖြင့် လည်ပတ်မည့် အဆိုပါ စက်ရုံအကြောင်းကို ပြည်နယ်အစိုးရအဖွဲ့ မသိရှိသေးပေ။ ယင်းစက်ရုံကိစ္စကို တင်ပြထားခြင်းနှင့် ခွင့်ပြုပေးထားခြင်းလည်း မရှိသေးကြောင်း  ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က DMG ကိုဆိုသည်။

“ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်သိသလောက်ကတော့ ကျွန်တော်တို့ ခွင့်ပြုထားတာတော့ မရှိသေးဘူး။ ခွင့်ပြုစာတင်ထားတာလည်း အစည်းဝေးတွေမှာ တင်ပြလာတာတွေလည်း မတွေ့မိဘူး။ တခြားဆက်စပ်ဝန်ကြီးဌာနကို တင်ထားတာလားဆိုတာကိုတော့ မပြောတတ်ဘူးလေ” ဟု  ၎င်းက ပြောသည်။

အလားတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး အခွန် စီမံကိန်းနှင့်၊ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကလည်း  “အဲဒါကိုမသိ။ ကျွန်တော်တို့ဆီကို ခွင့်ပြုချက်တင်ထားတာလည်းမရှိ”ဟု ဆိုသည်။

ကျောက်မီးသွေးအသုံးပြု၍ စက်ရုံလည်ပတ်မည်ဆိုပါက  ဒေသခံများအတွက် ဘေးထွက်ကျိုးဆိုးများ ဖြစ်လာနိုင်သည့်အတွက် ကန့်ကွက်မည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။

“ဒီစက်ရုံအတွက် ဒေသခံ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်ရှိမလဲ။ အဲဒီစက်ရုံက ထွက်လာတဲ့ အညစ်အကြေးတွေကို ဘယ်နေရာမှာ ပစ်မှာလဲ။ အဲဒီလိုမဟုတ်ဘဲ အဲဒီအညစ်အကြေးတွေကို ပင်လယ်ထဲကို ထိုးပစ်လိုက်တော့ ငါးသယံဇာတတွေဆုံးရှုံးမယ်။ အဲဒီအနီးအနားမှာရှိတဲ့ ရွာတွေလည်း အန္တရာယ်ရှိလာနိုင်တဲ့အတွက် ရှေ့ကို စနစ်တကျ ဥပဒေနဲ့အညီ လုပ်သင့်တယ်ထင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ဗီဒီယိုများ