ခမီတိုင်းရင်းသားအချင်းချင်း စည်းလုံးမှုရှိစေရန် ခမီအမျိုးသားနေ့ကျင်းပ

ရခိုင်ပြည်အနှံ့အပြားတွင်နေထိုင်ကြသည့် ခမီတိုင်းရင်းသားများအားလုံး စည်းစည်းလုံးလုံးရှိစေရန်အတွက် ခမီအမျိုးသားနေ့ကိုကျင်းပခြင်းဖြစ်ကြောင်း ယနေ့ကျင်းပသည့် (၁၂)ကြိမ်မြောက် ခမီအမျိုးသားနေ့တွင် ပွဲကျင်းပရေးဦးဆောင်သူများကပြောသည်။

27 Apr 2022

DMG ၊ ဧပြီ ၂၇

ရခိုင်ပြည်အနှံ့အပြားတွင်နေထိုင်ကြသည့် ခမီတိုင်းရင်းသားများအားလုံး စည်းစည်းလုံးလုံးရှိစေရန်အတွက် ခမီအမျိုးသားနေ့ကိုကျင်းပခြင်းဖြစ်ကြောင်း ယနေ့ကျင်းပသည့် (၁၂)ကြိမ်မြောက် ခမီအမျိုးသားနေ့တွင် ပွဲကျင်းပရေးဦးဆောင်သူများကပြောသည်။

ယနေ့(ဧပြီလ ၂၇ ရက်)တွင်ကျင်းပသည့် ခမီအမျိုးသားနေ့အခမ်းအနားကို စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ခေမာမဏ္ဍိုင်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

ခမီတိုင်းရင်းသားများသည် တောင်ပေါ်ဒေသများတွင် အများဆုံးနေထိုင်ကြသည့်အတွက် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးအခက်အခဲများရှိပြီး အချင်းချင်းတွေ့ဆုံမှုလည်းမရှိသဖြင့် ယခုအမျိုးသားနေ့တွင် ပြန်လည်တွေ့ဆုံခွင့်ရရှိကြသည်ဟုလည်း ခမီတိုင်းရင်းသားများကဆိုသည်။

“ခမီတိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့အတွက်ပေါ့။ ခမီတိုင်းရင်းသားတွေက မြို့နယ်တိုင်းမှာ ပျံ့နှံ့နေထိုင်ကြတဲ့အတွက် ခမီအမျိုးသားနေ့မှာ မြို့နယ်တိုင်းက ခမီလူမျိုးအားလုံး စည်းစည်းလုံးလုံး ဆုံတွေ့ကြတဲ့အတွက် ခမီအမျိုးသားများ စည်းလုံးညီညွတ်ရေးကိုဖော်ဆောင်တဲ့အနေနဲ့ ခမီအမျိုးသားနေ့ ကျင်းပဖြစ်တာပါ”ဟု ခမီတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလေကျော်အောင်က DMG  ကိုပြောသည်။

၁၉၇၂ ခုနှစ် ဧပြီလ(၂၇)ရက်နေ့တွင်ကျင်းပခဲ့သည့် ခမီယဉ်ကျေးမှုဖော်ထုတ်ရေးအမျိုးသားညီလာခံကိုအစွဲပြုပြီး ယင်းနေ့ကို ခမီအမျိုးသားနေ့ဟုသတ်မှတ်ကာ ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ခမီအမျိုးသားနေ့အခမ်းအနားကို ရခိုင်ပြည်နယ်.စစ်ကောင်စီအဖွဲ့ဝင် တိုင်းရင်းသားဝန်ကြီး၊ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုပြတိုက်မှ တာဝန်ရှိသူများ၊ ချင်း(အရှို)စာပေနှင့်ယဉ်ကျေးမှုအသင်း၊ မြိုစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရခိုင်စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ခမီအမျိုးသားနေ့ကို နှစ်စဉ်ကျင်းပခြင်းအားဖြင့် ခမီလူမျိုးအချင်းချင်းအပြင် တခြားတိုင်းရင်းသားများနှင့်ပါ ချစ်ခင်ရင်းနှီးမှုပိုမိုဖြစ်စေသည်ဟု ခမီအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ဝင် ဖဒူစံရွှေက DMG ကိုပြောသည်။

“ခမီလူမျိုးဆိုတာက ဟိုးအရင်ကတည်းကနေ ရခိုင်လူမျိုးတွေနဲ့ ရင်းရင်းနှီးနှီးနေလာခဲ့တယ်။ အခုခေတ်မှာလည်း ရခိုင်လူမျိုးတွေနဲ့ ပိုပြီးခင်ခင်မင်မင် အေးအတူပူအမျှနေထိုင်နေတယ်။ ခမီတိုင်းရင်းသားဆိုတာကလည်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဖြစ်တဲ့အတွက် ကိုယ့်လူမျိုး မျိုးနွယ်စုဝင်ပွဲကို တက်ရောက်တာဖြစ်တယ်။ ခမီအမျိုးသားနေ့ကို ဒီလိုနှစ်စဉ်ကျင်းပတာဟာ ခမီလူမျိုးအချင်းချင်းရော၊ တခြားတိုင်းရင်းသားတွေနဲ့ပါ ချစ်ခင်ရင်းနှီးမှုကိုပိုရစေတယ်”ဟု ဖဒူစံရွှေကပြောသည်။

ရခိုင်ပြည်တွင် ခမီလူမျိုးစုစုပေါင်း ၉ သောင်းနီးပါးနေထိုင်လျက်ရှိကြပြီး အများစုမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပေါက်တော စသည့်မြို့နယ်များတွင် နေထိုင်ကြသည်။

ယခင်က ခမီလူမျိုးများမှာ ဝေးလံခေါင်သီသောတောတောင်များတွင် အဓိကနေထိုင်ခဲ့ကြပြီး တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါ မြေပြန့်ဒေသများတွင် အခြေချ နေထိုင်မှုတို့လည်းရှိလာနေကြသည်။

ဗီဒီယိုများ