စစ်ရေးပဋိပက္ခအဆုံးသတ်ပြီး ဒေသအမြန်ဆုံးငြိမ်းချမ်းစေလိုကြောင်း ခမီတိုင်းရင်းသားများတောင်းဆို

လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများအဆုံးသတ်ရေး၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးလုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ယနေ့ကျရောက်သည့် ၁၁ ကြိမ်မြောက် ခမီအမျိုးသားနေ့တွင် ခမီတိုင်းရင်းသားများက တောင်းဆိုလိုက်ကြသည်။

27 Apr 2021

DMG ၊ ဧပြီ ၂၇

လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများအဆုံးသတ်ရေး၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးလုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ယနေ့ကျရောက်သည့် ၁၁ ကြိမ်မြောက် ခမီအမျိုးသားနေ့တွင် ခမီတိုင်းရင်းသားများက တောင်းဆိုလိုက်ကြသည်။

ယနေ့ ကျရောက်သည့် ၁၁ ကြိမ်မြောက် ခမီအမျိုးသားနေ့ကို စစ်တွေမြို့ ၊ ခေမာမဏ္ဍိုင် ဘုန်တော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြသည်။ ခမီအမျိုးသားနေ့ကို ယခင်နှစ်ကဲ့သို့ ပွဲလမ်းသဘင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းမဟုတ်ဘဲ ကိုဗစ် ၁၉ ကြောင့် အကျဉ်းချုပ်သာ ပြုလုပ်နိုင်ခဲ့သည်ဟု ပွဲကျင်းပရေးကော်မတီက ပြောသည်။

ရခိုင်ပြည်တွင် ခမီတိုင်းရင်းသားများအပါအဝင် တခြားတိုင်းရင်းသားများ ရင်ဆိုင်နေရသည့်အခက်အခဲများကို ကျော်လွှားပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံးရောက်ရှိရန် အုတ်တစ်ချပ်သဲတပွင့်အဖြစ် ပါဝင်ကြဖို့အရေးကိုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ ဥက္ကဌ ဦးရွှေဘော်စိန်က တောင်းဆိုသည်။

“ကျနော်တို့ဒေသမှာ စစ်ရေးပြင်းထန်လာတာနဲ့အတူ စစ်ဘေးရှောင်ဒုက္ခသည်တွေဖြစ်နေကြတယ်။ ခမီအပါအဝင် ရခိုင်၊ ဒိုင်းနက်၊ သက်၊ မြို စတဲ့ တိုင်းရင်းသားတွေ စစ်ရေးပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတယ်။ တစ်ဖက်မှာလည်း စစ်ရေးက တစ်နှစ်နဲ့တစ်နှစ် မတူဘူးလေ။ ဆိုတော့ ဒီလိုအခက်အခဲကြားထဲမှာ ကျနော်တို့ရဲ့ လူမျိုးကို အဓိကထားပြီးတော့ စည်းလုံးစေချင်ပါတယ်။ ကိုယ့်လူမျိုးကိုယ့်ရိုးရာကို အရင်တုန်းကလို မှန်မှန်ကန်ကန် ရိုးရိုးသားသားနဲ့ အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် ကျနော်တို့အနာဂတ်လှပဖို့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမြန်ဆုံး ပျောက်ကင်းနိုင်ဖို့အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်နိုင်ဖို့အတွက်လည်း ကျနော်တို့ ခမီအမျိုးသားနေ့ ၁၁ ကြိမ် မြောက်နေ့မှတစ်ဆင့် တောင်းဆိုချင်ပါတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းမှာ တိုက်ပွဲများကြောင့်  ဒေသတွင်းနေထိုင်ကြသည့် တိုင်းရင်းများမှာ အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ယခုအချိန်ထိ မိမိတို့ နေအိမ်များထံသို့ မပြန်နိုင်ကြသည့် စစ်ရှောင်များ အိမ်ပြန်နိုင်ဖို့အတွက်နှင့် နေမြေဒေသကိုလည်း အမြန်ဆုံး ငြိမ်းချမ်းစေချင်သည်ဟု ခမီတိုင်းရင်းသူ မသာနုမေကပြောသည်။

“ငြိမ်းချမ်းစေချင်တာပေါ့။ အဲလိုမျိုး အိုးမဲ့ခွက်မဲ့ ဖြစ်နေတာကို မြင်ရတဲ့အခါကျတော့ စိတ်ထဲမကောင်းဘူးပေါ့နော်။ အဲဒီအထဲမှာ ကိုယ့်မိသားစုသာ ပါခဲ့မယ်ဆိုရင် ပိုပြီး စိတ်မကောင်းဖြစ်မယ်။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တယ်။ ” ဟု ပြောသည်။

ခမီအမျိုးသားနေ့အခမ်းအနားကို ယခင်ကဲ့သို့ စည်စည်ကားကားနှင့် တိုင်းရင်းသားများ စုံညီစွာ ကျင်းပခွင့်မရခဲ့သည့်အတွက်လည်း စိတ်မကောင်းဖြစ်မိကြောင်း အခမ်းအနားတက်ရောက်လာသည့် ဦးဝေစိန်အောင်က ဆိုသည်။

“ခမီအမျိုးသားနေ့မှာ ကိုယ်တို့ခမီတစ်မျိုးသားလုံး စုံစုံညီညီနဲ့ လာရောက်ပြီးတော့ စည်းစည်းလုံးလုံး အဲ့လိုပဲ ကျင်းပချင်ပါတယ်။ အဲ့ဒီအခါမှသာလျှင် ကျနော်တို့ရဲ့ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းရာရောက်မှာပေါ့နော်။  အခုတော့ အခြေနေအရ အကျဉ်းချုပ်သာ ကျင်းပလိုက်ရတယ်။ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ခဲ့ဘူး။ စိတ်မကောင်းဘူးပေါ့နော်” ဟု ပြောသည်။

ယနေ့ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ရခိုင့်တပ်တော် AA အပါဝင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် အဖွဲ့အစည်းတချို့ကလည်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။

ခမီတိုင်းရင်းသားများမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့ စသည်တို့တွင် အသီးသီးနေထိုင်ကြသည်။

ဗီဒီယိုများ