၂၀၂၃ ခုနှစ်သည် တော်လှန်ရေးနှင့် တိုင်းပြည်၏ နိုင်ငံရေး အလှည့်အပြောင်းအတွက် အရေးကြီးသည့်နှစ်ဖြစ်ကြောင်း NUG ယာယီသမ္မတပြော

စစ်ကောင်စီအုပ်စုကို ဖယ်ရှားနိုင်ရန်နှင့် တိုင်းရင်းသားပြည်သူအားလုံးလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဆက်လက်အားစိုက်တော်လှန်ကြရန်လိုအပ်ကြောင်း....

By Admin 01 Jan 2023

၂၀၂၃ ခုနှစ်သည် တော်လှန်ရေးနှင့် တိုင်းပြည်၏ နိုင်ငံရေး အလှည့်အပြောင်းအတွက် အရေးကြီးသည့်နှစ်ဖြစ်ကြောင်း NUG ယာယီသမ္မတပြော

NUG ယာယီသမ္မတဒူဝါလရှီးလမှ နှစ်သစ်ကူးမိန့်ခွန်းပြောဆိုနေစဉ်။/ ဓာတ်ပုံ - NUG

DMG ၊ ဇန်နဝါရီ ၁

၂၀၂၃ ခုနှစ်သည် တော်လှန်ရေးနှင့် တိုင်းပြည်၏ နိုင်ငံရေးကံကြမ္မာ အလှည့်အပြောင်းအတွက် အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းစကားတွင် ထည့်သွင်းပြောကြားလိုက်သည်။

စစ်ကောင်စီအုပ်စုကို ဖယ်ရှားနိုင်ရန်နှင့် တိုင်းရင်းသားပြည်သူအားလုံးလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဆက်လက်အားစိုက်တော်လှန်ကြရန်လိုအပ်ကြောင်းနှင့် တော်လှန်ရေးကို ဦးဆောင်နေကြသည့် အစုအဖွဲ့များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် မဟာဗျုဟာကျကျ လက်တွေ့ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း NUG ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

“၂၀၂၃ ခုနှစ်ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးကံကြမ္မာ အလှည့်အပြောင်းအတွက် အင်မတန်မှ အရေးကြီးတဲ့ နှစ် တစ်နှစ်ဆိုတာကို လုံးဝယုံကြည်ပါတယ်။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတစ်ရပ်လုံးအင်တိုက်အားတိုက် ဒီတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သားကြပါစို့လို့ တိုက်တွန်းပါတယ်”ဟု သူကပြောသည်။

ယင်းအပြင် NUG အနေဖြင့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီအရေး ထူထောင်နိုင်ရေး အတွက် တစိုက်မတ်မတ်ကြိုးစားလုပ်ဆောင်နေကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ယုံကြည်မှုကို ပိုမိုတည်ဆောက်နိုင်ခဲ့သလို လက်တွေ့ကျကျ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်ဟု NUG ယာယီသမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းစကားတွင် ပါရှိသည်။

“လက်ရှိအချိန်ထိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့  ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့သလို အရေး ကြီးတဲ့ အဖွဲ့အစည်းတွေနဲ့လည်း စစ်ရေး၊ နိုင်ငံရေးပူးပေါင်းမှုများကို  ခိုင်မာကောင်းမွန်စွာ ဆောင်ရွက်လာ နိုင်ပြီ ဖြစ်ပါတယ်။ တဆက်တည်းမှာ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာဗျုဟာကျကျ လက်တွေ့ လုပ်ဆောင်မှုအပြင် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့အရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ပိုမိုအားကောင်းချိတ်ဆက် ဆောင်ရွက်လာနိုင်ပြီး စစ်ကောင်စီကို အဖက်ဖက်ကနေ ချည်းနှေးသွားအောင်ဆောင်ရွက်လာနိုင်ပြီဖြစ်ပါတယ်။ ဒါဟာ တိုင်းရင်းသား ပြည်သူလူထုရဲ့အာဏာရှင်စစ်အုပ်စုကို ဆန့်ကျင်လိုတဲ့ စိတ်ဆန္ဒပြင်းပြမှု၊ စွန့်လွှတ်အနစ်နာ ခံမှု၊ ကြိုးစားမှုတွေရဲ့ရလာဒ်တွေပဲ ဖြစ်ပါတယ်”ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သံတမန်ရေးစသည့် ကဏ္ဍများတွင် ထိုးနှက်မှုဒဏ်ကို ခံနေရကြောင်း၊ နိုင်ငံတကာ မျက်နှာစာကို ကြည့်မည်ဆိုပါကလည်း အရှုံးကြီးရှုံးနေပြီဖြစ်သည်ဟုလည်း ဆိုသည်။

တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများ အဘက်ဘက်မှ အသာစီးရယူနေချိန်တွင် စစ်ကောင်စီမှ ထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးပြီး ထွက်ပေါက်ရှိနေပြီဖြစ်သော်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် နိုင်ငံရေးထောင်ချောက်သက်သက်သာ ဖြစ်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“အခုလိုမျိုး တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အဖက်ဖက်က အသာစီးရယူနေချိန်မှာ စစ်ကောင်စီကတော့ ထွက်ပေါက်မရှိတော့လို့ အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးပြီးတော့ ထွက်ပေါက်ရှာနေပြီဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ရွေးကောက်ပွဲဆိုတာ ၎င်းတို့ရဲ့အာဏာသက်ဆိုးရှည်ရေး၊ သူတို့ရင်ဆိုင်နေရတဲ့စစ်ရေး၊ နိုင်ငံရေး၊ အကျပ် တည်းတွေကိုလျော့ချနိုင်ရေးအတွက်ရည်ရွယ်ချက်လုပ်ကြံတဲ့ဆင်သားရေကိုဆိတ်သားရေနဲ့ ဖုံးချင်နေတဲ့ နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေးထောင်ချောက်သက်သက်ပဲဖြစ်ပါတယ်”ဟု သူကဆိုသည်။

ယင်းအပြင် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိနေခြင်း၊ အမေရိကန် ကာကွယ်ရေးအသုံးစရိတ် NDAA ဥပဒေတွင် NUG/NUCC/ CRPH/ EROs နဲ့ CDM/ PDF တို့ကို အကူအညီပေးရန် အချက်များပါဝင်လာခြင်းအပါအဝင် အာဆီယံတွင် စစ်ကောင်စီဘက်မှ ‌အစည်းအဝေးများ တက်ခွင့်မရ ဖြစ်နေခြင်းသည် တော်လှန်ရေးအင်အားစုများဘက်မှ အသာစီးရလာခြင်းဖြစ်သည်ဟု NUG ယာယီသမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းက ဆိုသည်။

ယင်းသို့ ပြောဆိုချက်များနှင့်ပတ်သက်၍ စစ်ကောင်စီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

တစ်ဖက်တွင် မြန်မာနိုင်ငံအတွင်း လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်း ချမ်းရေးရရှိရေးတို့အတွက် ယခုတစ်နှစ်တာလုံး အပစ်အခတ်ရပ်စဲကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် စစ်ကောင်စီမှ ကြေညာထားသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောက်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အပစ်ရပ်စဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

#I005

ဗီဒီယိုများ