ကျောက်ဖြူတွင် ရေနစ်ပျောက်ဆုံးနေသော ကျောင်းသားနှစ်ဦး၏ ရုပ်အလောင်းကို ရှာတွေ့

င/လပွေ့ရပ်ကွက်(ကွက်သစ်)နေ မောင်ညီကိုဝင်းနှင့် မောင်ဝေမင်းဦးတို့သည် ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းကပင် ရေနစ်ပျောက်ဆုံးနေခြင်းဖြစ်သည်။ 

By Admin 10 Jul 2023

ဓာတ်ပုံ - လေးဝတီကုလရက္ခိတ - ပရဟိတအသင်း
ဓာတ်ပုံ - လေးဝတီကုလရက္ခိတ - ပရဟိတအသင်း

DMG ၊ ဇူလိုင် ၁၀

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ င/လပွေ့ချောင်းတွင် ရေနစ်ပျောက်ဆုံးနေသော ကျောင်းသားနှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

င/လပွေ့ရပ်ကွက်(ကွက်သစ်)နေ မောင်ညီကိုဝင်းနှင့် မောင်ဝေမင်းဦးတို့သည် ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းကပင် ရေနစ်ပျောက်ဆုံးနေခြင်းဖြစ်သည်။ ပျောက်ဆုံးပြီးနှစ်ရက်အကြာတွင် ၎င်းတို့၏ရုပ်အလောင်းများကို င/လပွေ့ဖောင်တော် အနီး၌ ရှေ့ဆင့်နောက်ဆင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မောင်ဝေမင်းဦး၏အဒေါ်ဖြစ်သူ ဒေါ်လှစေ့ကေက “သူတို့က နောက်ထပ်သူငယ်ချင်းနှစ်ယောက်နှင့်အတူ င/လပွေ့ကနေ ဟိုဘက်ကမ်းဖြစ်တဲ့ တောင်ရှည်ကျေးရွာကို ငှက်ပစ်ဖို့သွားကြတာ။ ပြန်အလာမှာ ရေကူးပြီးဖြတ်လာတော့ နှစ်ယောက်က ရေနစ်ပြီးပျောက်သွားတာကို ဒီနေ့အလောင်းတွေကို ပြန်တွေ့တာပါ” ဟု ပြောသည်။

၎င်းတို့နှစ်ဦးရေနစ်နေစဉ် အတူပါလာသည့် သူငယ်ချင်းနှစ်ဦးက ကယ်ဆယ်ခဲ့ကြသော်လည်း အားမမျှသောကြောင့် လက်လျှော့ခဲ့ရခြင်းဖြစ်ပြီး ကူညီကယ်ဆယ်ခဲ့သူ ငပြူးတောင်ဆိုသူမှာ ယင်းနေရာတွင်ပင် သတိလစ်သွားသဖြင့် ကျောက်ဖြူပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသနေရကြောင်းလည်း ဒေါ်လှစေ့ကေက ဆက်ပြောသည်။

ရေနစ်ပျောက်ဆုံးနေသည်ကို ကြားသိရသည့်ချက်ချင်း မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံ အကြောင်းကြားပြီး ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ကြသော်လည်း ယနေ့မှ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူ မောင်ညီကိုဝင်း၏ဖခင် ဦးညီညီဝင်းက “အဲဒီနေ့က ညမိုးချုပ်တဲ့အထိ ရှာဖွေခဲ့ကြပေမယ့် မတွေ့ခဲ့ကြဘူး၊ ဒီနေ့မှ အဲဒီနားမှာလာပေါ်နေတာကို တွေ့ရတယ်။ သင်္ဂြိုလ်ဖို့အတွက်ကိုတော့ နာရေးကူညီမှုအသင်းတွေက စီစဉ်နေပါတယ်” ဟု ပြောသည်။

သေဆုံးသွားသူနှစ်ဦးမှာ င/လပွေ့ရပ်ကွက် စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားများဖြစ်ပြီး မောင်ညီကိုဝင်းမှာ (၇) တန်းနှင့် မောင်ဝေမင်းဦးမှာ (၈) တန်း ဖြစ်သည်။ ၎င်းတို့၏ရုပ်အလောင်းကို ကျောက်ဖြူမြို့မသုဿန်တွင် ယနေ့ သင်္ဂြိုလ်သွားမည်ဖြစ်သည်။

၎င်းတို့နှစ်ဦး ရေနစ်သေဆုံးခဲ့သည့် နေရာမှာ တောင်ရင်းရပ်ကွက်နှင့် တောင်ရှည်ကျေးရွာမှ ဖြတ်ဝင်လာသည့် ချောင်းလက်တက်နှင့် င/လပွေ့ချောင်း တို့ပေါင်းဆုံရာ နေရာအနီးတွင်ဖြစ်ပြီး ယင်းနေရာတွင် ရေစီးသန်သောကြောင့် ယခင်ကလည်း မကြာခဏ ရေနစ်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

#I008

ဗီဒီယိုများ