- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
၄ လအတွင်း မြန်မာစစ်ဘေးဒုက္ခသည် ၇ သိန်းနီးပါး တိုးလာ
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိ ၄ လနီးပါးအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၆၈၂,၃၄၄ ထက်မနည်း တိုးလာကြောင်း ISP-Myanmar က ထုတ်ပြန်သည်။
28 Apr 2023

DMG ၊ ဧပြီ ၂၈
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိ ၄ လနီးပါးအတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၆၈၂,၃၄၄ ထက်မနည်း တိုးလာကြောင်း မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာလေ့လာရေးအဖွဲ့ (ISP-Myanmar)၏ ဧပြီလ ၂၈ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။ ၄ လအတွင်း စံချိန်တင်တိုးခဲ့သော စစ်ဘေးဒုက္ခသည် အရေအတွက်သည် ပြည်တွင်းဒုက္ခသည်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော်ကြောင်း သိရသည်။
စစ်အာဏာသိမ်းမှုအလွန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့အထိ နှစ်နှစ်ကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် ၂,၆၉၄,၅၆၇ ဦးထက်မနည်းရှိလာပြီး၊ စစ်အာဏာမသိမ်းမီကာလက စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ဦးထက်မနည်းရှိခဲ့သဖြင့် ကာလနှစ်ရပ်ပေါင်း ပြည်တွင်းစစ်ဘေးဒုက္ခသည်အရေအတွက်မှာ သုံးသန်းကျော်အထိ ရှိလာကြောင်း ISP-Myanmar က ဆိုသည်။
နေရပ်စွန့်ခွာထွက်ပြေးနေသူများထဲတွင် စစ်ကိုင်းတိုင်းမှဒေသခံ ၁,၃၇၄,၀၈၃ ဦးထက်မနည်းဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာ ဒုတိယအများဆုံးဖြစ်၍ တတိယအများဆုံးမှာ ကယားပြည်နယ်ဖြစ်ကြောင်း သိရသည်။
“စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲက ၁၆ မြို့နယ်မှာ နှစ်လအတွင်း စစ်ပြေးဒုက္ခသည် ၃၅,၇၅၂၀ ဦးထက်မနည်း တိုးလာခဲ့တယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အများဆုံးဖြစ်ပြီး ၁၂၀,၀၀၀ ထက် မနည်းရှိခဲ့တယ်” ဟု ISP-Myanmar က ဆိုသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် အခြားမြို့နယ် ၂၆ ခုတွင်လည်း စစ်ပြေးဒုက္ခသည် နှစ်သိန်းထက်မနည်း ပိုများလာပြီး လက်ရှိတွင် စစ်အုပ်ချုပ်ရေးကြေညာသည့် မြို့နယ် ၄၇ ခုအထိရှိကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောဆိုကြသည်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင်များမှာ ယခုထက်ပို၍ တိုးလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
“စစ်ကောင်စီက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိတယ်။ နောက်ပြီးတော့ သံသယနဲ့ မတရားဖမ်းဆီးတာတွေရှိတယ်။ အဲဒီလို ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အခုထက်များလာနိုင်သလို သူတို့(စစ်ကောင်စီ)ကို တော်လှန်တိုက်ခိုက်သူတွေလည်း များလာမယ်လို့ မြင်ပါတယ်” ဟု သူက ပြောသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် စသည်တို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြား တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိနေသည်။
#R007