မောင်တောတိုက်ပွဲ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးဟု AA ထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA ဘက်က လက်နက်ချအညံ့ခံရန် အသိပေးသော်လည်း လက်ခံမှုမရှိသဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကြောင်း AA က ထုတ်ပြန်သည်။  

By Admin 15 Nov 2023

နိုဝင်ဘာ ၁၃ ရက် မောင်တောတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံးပန်းနှင့်အတူ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - AA Info Desk 
နိုဝင်ဘာ ၁၃ ရက် မောင်တောတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံးပန်းနှင့်အတူ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - AA Info Desk 

DMG ၊ နိုဝင်ဘာ ၁၅ 

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည့် ယနေ့ နံနက်ပိုင်းက မောင်တောမြို့နယ် ကံပြင်သာစည်ရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA ဘက်က လက်နက်ချအညံ့ခံရန် အသိပေးသော်လည်း လက်ခံမှုမရှိသဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကြောင်း AA က ထုတ်ပြန်သည်။  ဆက်လက်၍လည်း လက်နက်ချအညံ့မခံသောသူများကို တိုက်ခိုက်သွားမည်ဟု AA က ဆိုထားသည်။

အလားတူ ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့ကနေ မောင်တောမြို့သို့ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီကား ၃ စီးကို မောင်တောမြို့နယ် (၆) မိုင် စစ်ဆေးရေးဂိတ်အနီးတွင် AA က တိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

“စစ်ကောင်စီကားတွေ ဘူးသီးတောင်က ဖြတ်သွားတာက ၃ စီးလို့ သိရပေမယ့် ကားတစ်စီးပဲ မောင်တောဖက်ကို ပြန်ထွက်သွားနိုင်တယ်လို့ သိရတယ်။ တိုက်ပွဲကတော့ လက်နက်ကြီးအသံ၊ မိုင်းဆွဲတဲ့အသံလိုလို၊ ပြီးတော့ လက်နက်ငယ် ပစ်သံတွေလည်း ကြားလိုက်ရတယ်” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

တိုက်ခိုက်ခံရသည့် စစ်ကောင်စီကား ၃  စီးမှာ စစ်အောင်စီတပ်သား အများအပြား စီးနင်းလိုက်ပါလာခြင်းဖြစ်၍ မောင်တောမြို့နယ်သို့ စစ်ကူလာရောက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

“ကားအထဲမှာ ဘာပစ္စည်းပါတယ် ဆိုတာကို မသိရဘူး။ ဒါပေမယ့် ကားအစီးတိုင်းမှာ လူတွေကတော့ မနည်းပါတယ်လို့ သိရပါတယ်။ မောင်တောမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေအတွက် စစ်ကူသွားတာလို့ ထင်တယ်” ဟု ဘူးသီးတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
 
တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

နိုဝင်ဘာလ ၁၃ ရက်နေ့ မောင်တော(မြောက်ပိုင်း) သင်္ဘောလှရွာအနီး တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ၁၄ ဦးခန့်ကျဆုံးကာ စစ်သုံးပန်းတစ်ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

#D005 #DMG

ဗီဒီယိုများ