မောင်တေ ာကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေးဂိတ်အနီး ပျောက်ဆုံးသွားသည့် ဒေသခံနှစ်ဦးကို ရှာမတွေ့သေး

မောင်တောမြို့နယ်၊ကျီးကန်းပြင်ဌာနချုပ်အနီးစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုခံယူပြီးနောက် ပျောက်ဆုံးနေသည့် အသက် ၂၅ နှစ်အောက် ဒေသခံနှစ်ဦးနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ သတင်းအစအနမကြားရသေးသဖြင့် မိသားစုဝင်များ စိတ်ပူနေကြသည်။

By Admin 12 Nov 2022

မောင်တေ ာကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေးဂိတ်အနီး ပျောက်ဆုံးသွားသည့် ဒေသခံနှစ်ဦးကို ရှာမတွေ့သေး

မောင်တောကျီးကန်းပြင်ဌာနချုပ်စစ်ဆေးရေးဂိတ်အနီးတွင် ပျောက်ဆုံးသွားသည့် ကိုမောင်ဆန်းဌေးနှင့် ကိုခင်ဇော်တို့ဖြစ်သည်။ဓာတ်ပုံ-ပေးပို့)

DMG၊ နိုဝင်ဘာ ၁၂

မောင်တောမြို့နယ်၊ကျီးကန်းပြင်ဌာနချုပ်အနီးစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုခံယူပြီးနောက် ပျောက်ဆုံးနေသည့် အသက် ၂၅ နှစ်အောက် ဒေသခံနှစ်ဦးနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ သတင်းအစအနမကြားရသေးသဖြင့် မိသားစုဝင်များ စိတ်ပူနေကြသည်။

၄င်းတို့သည် နိုဝင်ဘာလ ၁ ရက်နေ့က မောင်တောမြို့မှ ခမောင်းဆိပ်ကျေးရွာသို့သွားရာတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တို့ စစ်ဆေးမှုပြုလုပ်ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟုသိရသည်။

ခမောင်းဆိပ်ရွာသား အသက် ၂၄ နှစ်အရွယ် မောင်ဆန်းဌေးမှာ မင်္ဂလာညွှန့်ရွာမှ ကိုခင်ဇော်(အသက်၂၂နှစ်)၏ ဆိုင်ကယ်ကိုငှားရမ်းကာ ခမောင်းဆိပ်သို့သွားရာတွင် ထိုသို့ပျောက်ဆုံးသွားခြင်းဟု မိသားစုဝင်များက ဆိုသည်။

“ သူတို့က တစ်နာရီလောက်ကမောင်တောကနေစထွက်တာပါ။ တစ်နာရီခွဲထိတော့ သူတို့ ဌာနချုပ်ကို ရောက် ပြီဆိုတာကို ဖုန်းဆက်ပြီး ပြောသေးတယ်။ အဲဒီနောက်ပိုင်းဖုန်းဆက်တာ ဆက်မရတော့ဘူး။ ညနေ ၆နာရီ ကျော်လောက်ဆိုတာနဲ့ ဖုန်းကစက်ပိတ်သွားတယ်။ အခုထိ အဆက်အသွယ်တစ်စုံတစ်ရာမှ မရသေးဘူး။ ရွာကလူတွေက သူတို့ဌာနချုပ်မှာ စစ်ဆေးခံနေတာတွေ့ခဲ့တယ်လို့ ပြောတယ်” ဟု ကိုခင်‌ဇော်၏ အစ်မ ဒေါ်နုသန်းယဥ်က ပြောသည်။

၄င်းတို့နှစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့၊ညနေ ၃ နာရီခန့်တွင် ကျီးကန်းပြင်ဌာနချုပ်တွင် လက်ထိပ်ခတ် ၍ ဒေသခံတစ်ဦးက မြင်တွေ့ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

“ နိုဝင်ဘာလ ၅ရက်နေ့ ၃နာရီလောက်မှာ မောင်ဆန်းဌေးကို ဌာနချုပ်မှာ လက်ထိပ်ခပ်ပြီးမြင်ခဲ့တယ်လို့ အသိတစ်ယောက်လာပြောတယ်ဆိုပြီး မောင်ဆန်းဌေးအမေ ဖုန်းဆက်လာတယ်။ လက်ထိပ်ခပ်လို့ နောက်တစ်ယောက်လည်း တွေ့ခဲ့တယ်တဲ့ ။ နောက်တစ်ယောက်က ကိုခင်ဇော်ပဲနေမှာ။ သူတို့က မောင်ဆန်းဌေးကို ပဲသိတာလေ။ကိုခင်ဇော်တော့ မသိဘူး။ သေချာပါတယ် ဌာနချုပ်က ဖမ်းထားတာ” ဟု သူကပြောသည်။

၄င်းတို့နှစ်ဦးနှင့်ပတ်သက်ပြီး ကျီးကန်းပြင်ဌာနချုပ်သို့လည်း လုံခြုံရေးစိုးရိမ်ရ၍ သွားရောက်မမေးဝံ့ကြောင်း၊ သို့သော် ၄င်းတို့၏ အသက်အန္တရာယ်ပတ်သက်ပြီး အလွန်စိုးရိမ်နေရသည်ဟု ဒေါ်နုသန်းယဥ်က ဆိုသည်။

“ ဘာသတင်းအစအနမှမရဘူး။ကျမအမေဆိုရင် ထမင်းလည်းမစားဘူး။အိပ်လည်း မအိပ်ဘူး။ အမြဲတမ်းမျက်ရည်နဲ့ပဲ ။သားကိုစိုးရိမ်တာမှာ ပြောမနေပါနဲ့တော့။ ကျမတို့အနေနဲ့ ဂိတ်ကိုသွားမေးဖို့ကလည်း မမေးရဲဘူး။ ဒီလိုမျိုးတစ်ခါမှ မကြုံဖူးဘူးလေ။ မောင်တစ်ယောက် အခုလိုသတင်းအစအနမရတော့ စိုးရိမ်တာပေါ့။ ဖမ်းထားတယ်ဆိုရင်လည်း မိသားစုကို အကြောင်းကြားစေချင်တယ်” ဟု သူကပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာ ဒေသခံများကို မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက မှတ်ပုံတင်များကိုစစ်ဆေးခြင်းများပြုလုပ်လေ့ရှိသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ဂိတ်မှာတော့ အမြဲတမ်း စစ်ဆေးတယ် ။မှတ်ပုံတင်တွေစစ်တယ် ။ မသင်္ကာရင် ဘောင်းဘီတွေကို စစ်တယ်။ဆိုင်ကယ်ဘောက်တွေ ဖွင့်ပြရတယ်။ အိတ်တွေပါရင်အိတ်တွေ ဖွင့်ပြရတယ်။ အခုက အရမ်းစစ်ဆေးတယ်။သူတို့အဖမ်းခံရတယ်ဆိုတာတော့ သေချာပါတယ်။ ဘယ်မှာထိန်းသိမ်းထားလည်း ဆိုတာမသိရဘူး။စိတ်တော့မကောင်းဘူး” ဟု သူကပြောသည်။

ယခုကဲ့သို့ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMGက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေ ကြားခြင်းမရှိသေးပေ။

အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း မောင်တောမြို့နယ် အောင်သပြေကျေးရွာမှ ကယ်ရီသမားတစ်ဦးနှင့် မင်းပြားမြို့နယ်မှ အမျိုးသမီးတစ်ဦးတို့မှာ ကြိမ်ချောင်းအမှတ် (၂၄) စစ်ဆေးရေးဂိတ်တွင်ပျောက်ဆုံးသွားသည်။ ထို့ပြင် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း မင်းပြားမှ စစ်တွေသို့ပြန်လာသည့် ဓာတ်ပုံဆရာတစ်ဦးမှာ ကျောက်တော် ရှိ မြန်မာစစ်တပ်စစ်ဆေးရေးဂိတ်တွင် ပျောက်ဆုံးသွားကြောင်း သိရသည်။

ဗီဒီယိုများ