ကျောက်တော်မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးမှာ ပြီးခဲ့သည်(ဇူလိုင်လ ၁၉ ရက်) ညနေ ၁၀ နာရီကျော်မှစပြီး ပျောက်ဆုံးနေသည်မှာ ယနေ့အချိန်အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

21 Jul 2022

ပျောက်ဆုံးနေသူ ဦးကျော်ဟိန်း။ Photo-CJ

DMG ၊ ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးမှာ ပြီးခဲ့သည်(ဇူလိုင်လ ၁၉ ရက်) ညနေ ၁၀ နာရီကျော်မှစပြီး ပျောက်ဆုံးနေသည်မှာ ယနေ့အချိန်အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပျောက်ဆုံးနေသည့် ဦးကျော်ဟိန်း(၃၉)နှစ်မှာ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်သည်။ ၎င်းမှာ ဇူလိုင်လ ၁၉ ရက်နေ့က ကံကြီးရှင်စစ်ဘေးရှောင်စခန်းမှ လူနာတစ်ဦးအား ဆေးကုသပေး၍ မိမိနေထိုင်ရာ စစ်ဘေးရှောင်စခန်းသို့ပြန်လာစဉ် လမ်းတွင်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူကဆိုသည်။

ဇနီးဖြစ်သူ ဒေါ်မအေးသန်းက “ကျမယောက်ျားက ည ၉ နာရီကျော်လောက်က ဆေးသွားကုမယ်ဆိုပြီးတော့ ဆိုင်ကယ်နဲ့ ကံကြီးရှင်စခန်းကိုသွားတာပါ။ ပြန်လာတဲ့အခါ ပထမတော့ဖုန်းခေါ်လို့ရတယ်။ နောက်တခေါက် ပြန်ခေါ်တဲ့အခါမရတော့ဘူး စက်ပိတ်သွားပါတယ်။ သူက ဆိုင်ကယ်နဲ့သွားတာ ဆိုင်ကယ်လည်း မတွေ့ရသေးဘူး။ ဒီနေ့အချိန်ထိလည်း ဖုန်းဆက်လို့မရဘူး”ဟု ဆိုသည်။

ဦးကျော်ဟိန်းမှာ စစ်ဘေးရှောင်စခန်းရှိ နာမကျန်းဖြစ်နေသူများကို ဆေးကုသပေးခြင်း၊ ဆိုင်ကယ်ကယ်ရီဆွဲခြင်း စသည်တို့ကို လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

၎င်းပျောက်ဆုံးသည့်နေ့က ကျောက်တော်မြို့အဝင် စိုက်ပျိုးရေး သိပ္ပံကျောင်းအနီးတွင် မြန်မာစစ်တပ်က သွားလာလှုပ်ရှားမှုများကိုတွေ့ရ၍ ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ကံကြီးရှင်စစ်ဘေးရှောင်မှ စစ်ဘေးရှောင်များကပြောသည်။

ကံကြီးရှင်စစ်ဘေးရှောင်စခန်းမှ အမည်မဖော်လိုသည့် စစ်ရှောင်တစ်ဦးက “သူက ကျနော်တို့စခန်းကို ဆေးထိုးဖို့ရောက်လာတယ်။ ၁၀ နာရီကျော်လောက်မှာ သူနေတဲ့စခန်းကို ပြန်သွားပါတယ်။ လမ်းမှာ အဖမ်းခံလိုက်တယ်လို့သိရပါတယ်။ ဘယ်သူတွေ ဖမ်းသွားလည်းဆိုတာကိုတော့ ကျနော်တို့မသိဘူး။ ဒါပေမယ့် ကျနော်တို့အနီးအနားမှာ စစ်သားတွေ အမြဲတမ်းသွားလာနေတာတွေ ရှိပါတယ်”ဟု ဆိုသည်။

ကံကြီးရှင်စစ်ဘေးရှောင်စခန်းမှ လုံခြုံရေးအရအမည်မဖော်လိုသူနောက်တစ်ဦးက ဦးကျော်ဟိန်းကို မြန်မာစစ်တပ်ကဖမ်းဆီး သွားသည်ကို မြင်တွေ့ခဲ့ကြောင်းပြောသည်။

“ဦးကျော်ဟိန်းကို စစ်သားတွေ ဖမ်းဆီးသွားတာ ကျနော်ကိုယ်တိုင်မြင်လိုက်ပါတယ်။ သူက ကျနော်တို့စခန်းက ဆေးထိုးပေးပြီးတော့ သူနေတဲ့နေရာကို သွားတယ်။ အဲဒီမှာ စစ်သားတွေက ခြေလျင်လျှောက်ပြီးတော့ မြို့ထဲကထွက်လာတယ်။ မြို့ဝင်လမ်း စိုက်ပျိုးရေးသိပ္ပံကျောင်းရှေ့လမ်းမှာတွေ့ပြီးတော့ ဘာတွေပြောလည်းဆိုတာကိုတော့ ကျနော်တို့မသိဘူး။ ပြီးရင် ဆိုင်ကယ်ပါလူပါ တခါတည်းခေါ်သွားပါတယ်”ဟု ၎င်းကပြောသည်။

ဦးကျော်ဟိန်းကို မြန်မာစစ်တပ်က ဖမ်းဆီးသွားသည်ဟု ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။   
ဦးကျော်ဟိန်းမှာ ကျောက်တော်မြို့နယ် မီးဝကျေးရွာမှဖြစ်ပြီး ယခင်တိုက်ပွဲပြင်းထန်စဉ်ကာလက ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေခြင်းဖြစ်သည်။

ကျောက်တော်မြို့သည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား စစ်ရေးတင်းမာနေသည့်ဒေသလည်းဖြစ်သည်။ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များကို AA ကဖမ်းဆီးမှုရှိကာ မြန်မာစစ်တပ်ကလည်း ကိုဇော်ဝင်းအပါအဝင် မြို့ခံအချို့ကို ဖမ်းဆီးထားခြင်းများရှိသည်။

ဗီဒီယိုများ