AA နှင့်ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူခရိုင်မှ ဒေသခံ ၉ ဦးကို ထောင်သုံးနှစ်ချမှတ်

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ နှစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၉ ဦးကို ကျောက်ဖြူခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်။

21 Jul 2022

DMG ၊ ဇူလိုင် ၂၁

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ နှစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၉ ဦးကို ကျောက်ဖြူခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်။

ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ စစ်ရေးတင်းမာလာပြီးနောက်တွင် AA နှင့်ဆက်စပ်သည်ဟု တရားစွဲဆိုခံထားရသည့် အမှုများကို တရားရုံးများက ဆက်တိုက်ကဲ့သို့ အမိန့်ချမှတ်လာခြင်းဖြစ်သည်။ ယခုလအတွင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်အမှု၊ အိုင်ဒင်အမှုတို့ကို အမိန့်ချမှတ်ပြီးနောက် ကျောက်ဖြူခရိုင်မှဒေသခံများကို အမိန့်ချမှတ်ခြင်းဖြစ်သည်။

ယခုအမိန့်ချမှတ်ခံရသူများမှာ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာ (၈)ဦးနှင့် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ တစ်ဦးတို့ဖြစ်သည်။ အလယ်ချောင်းကျေးရွာမှ ဒေသခံများကို ၅၀(က)၊ ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားဆိုခဲ့ပြီး ၅၂(က)ဖြင့် ထောင်ဒဏ်ချမှတ်လိုက်သည်။ ဇင်ချောင်းဒေသခံကိုမူ ၅၀(ဈ)ဖြင့် တရားစွဲဆိုထားသော်လည်း ၅၂(က)ဖြင့် ထောင်ဒဏ်ချမှတ်လိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်သူရက ပြောသည်။

“သူတို့ ၉ ဦးစလုံးကို ၅၂(က)နဲ့ ထောင် ၃ နှစ်ချလိုက်တယ်။ ချုပ်ရက်တွေကို ပေါင်းခံစားခွင့်ရှိတယ်။ နောက် ၇ လ‌လောက်တော့ နေရဦးမယ်ထင်တယ်“ဟု သူကပြောသည်။
ယနေ့ရုံးချိန်းမှာ မိသားစုဝင်များနှင့်တွေ့ဆုံခဲ့ရပြီး ကျန်းမာရေးကောင်းမွန်သည့် အနေအထားများကို မြင်တွေ့ခဲ့ရကြောင်း ဇင်ချောင်းကျေးရွာမှ ကိုဝင်းနိုင်၏ အစ်ကိုဖြစ်သူက DMG ကိုပြောသည်။

“၅၂(က)နဲ့ ငြိစွမ်းတယ်ဆိုပြီးချလိုက်တာ။ အပြစ်ရှိတယ်ဆိုပြီးချလိုက်တာပေါ့။ ကျန်းမာရေးကတော့ ကောင်းကောင်းမွန်မွန်မြင်ခဲ့ပါတယ်။ အပြစ်ရှိတယ်လို့တော့ မထင်ပါဘူး“ဟု သူကဆိုသည်။

၎င်းတို့ ၉ ဦးစလုံးသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်ဖြူအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြိုနယ် အိုင်ဒင်ကျေးရွာသား ၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် စစ်တွေခရိုင်တရားရုံးမှ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ထို့ပြင် ဇူလိုင်လ ၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဒေသခံငါးဦးကို အကြမ်းဖက်မှုဥပဒေပုဒ်မ- ၅၂(က)ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ထားသည်။

ဗီဒီယိုများ