ရခိုင်တွင် ထီဈေးကွက်ပျက်ပြားလာနေဟု ထီအရောင်းကိုယ်စားလှယ်များပြော

မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့်နောက်ပိုင်းမှစပြီး ရခိုင်တွင် ထီဈေးကွက်မှာ တစ်စစပျက်ပြားလာနေကြောင်း ထီအရောင်းကိုယ်စားလှယ်များကပြောသည်။

22 Aug 2022

DMG ၊ သြဂုတ် ၂၂

မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့်နောက်ပိုင်းမှစပြီး ရခိုင်တွင် ထီဈေးကွက်မှာ တစ်စစပျက်ပြားလာနေကြောင်း ထီအရောင်းကိုယ်စားလှယ်များကပြောသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ရခိုင်တွင် ထီရောင်းအားလထက်ဝက်ကျော်ကျဆင်းခဲ့ပြီး ယခုနောက်ပိုင်းတွင် ပို၍ဆိုးလာနေကြောင်း ထီအရောင်းကိုယ်စားလှယ်များကဆိုသည်။

ယခင်က အောင်ဘာလေထီ၏ အမြင့်ဆုံးဆုမှာ ကျပ်သိန်းတစ်သောင်းခွဲရှိခဲ့သော်လည်း လက်ရှိတွင် အမြင့်ဆုံးဆုငွေမှာ ငွေကျပ် သိန်းငါးထောင်သာ ရှိတော့သဖြင့် ပြည်သူများ စိတ်ဝင်စားမှုလျော့နည်းလာကြောင်း ထီအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ထီဖွင့်ရက်ကို သတ်မှတ်ရက်အတိုင်းမဖွင့်နိုင်ခြင်းနှင့် ထီဖွင့်ပွဲကို ထင်သာမြင်သာမလုပ်နိုင်ခြင်းတို့ကြောင့် ပြည်သူများ အယုံအကြည်မဲ့လာကြသည်ဟုလည်းဆိုသည်။

ထို့ကြောင့် ပြည်သူများ ထီထိုးမှု တစ်စထက်တစ်စနည်းပါးလာနေပြီး ထီထိုးသူမရှိသလောက်နည်းပါးလာနေကြောင်း ထီအရောင်းကိုယ်စားလှယ် ဦးမောင်ချိုကပြောသည်။

“အရင်ကဆိုရင် တစ်ရက်ကို တစ်သိန်းဖိုးနဲ့အထက် ရောင်းရတယ်။ အခုနောက်ပိုင်းကျတော့ တစ်ရက်ကို တစ်သောင်း၊ နှစ်သောင်းဖိုးတောင် မသေချာတော့ဘူး။ တစ်ခါတစ်လေဆိုရင် မရောင်းရတဲ့နေ့တွေပါရှိတယ်။ ထီဈေးကွက်က ပျက်နေပြီလို့တောင် ပြောလို့ရတယ်”ဟု ၎င်းကပြောသည်။

ထီအရောင်းကိုယ်စားလှယ်များအနေဖြင့် ယခင်က တစ်လလျှင် ထီအစောင်ရေ ငါးထောင်ခန့်အထိ ရောင်းအားကောင်းခဲ့သော်လည်း အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှစတင်ကာ တစ်လလျှင် ရာဂဏန်းမျှပင် ရောင်းမထွက်နိုင်တော့ကြောင်းလည်း ပြောဆိုကြသည်။

လက်ရှိတွင် စစ်ကောင်စီမှ ထီဆုများကိုလျှော့ချလိုက်သည့်အတွက် ထီထိုးအား ကျဆင်းလာခြင်းဖြစ်ကြောင်း ထီအရောင်းကိုယ်စားလှယ် မကြာဇံမေကပြောသည်။

“အရင်ကဆိုရင် ထီမှာ ဆုအသေးလေးတွေအများကြီးပါတယ်။ အခုနောက်ပိုင်းမှာ ထီဆုအကြီးတွေကို လျှော့တာတင်မကဘူး။ ထီဆုအသေးလေးတွေကိုပါ အများကြီးလျှော့ချပစ်လိုက်တယ်။ ဒီတော့လူတွေက ထီကိုစိတ်မဝင်စားကြတော့ဘူး”ဟု ၎င်းကရှင်းပြသည်။

ထို့အပြင် ပြည်သူများအနေဖြင့် ထီပေါက်ပါက ငွေကြေးထုတ်ယူရာတွင် အခက်အခဲကြုံရမည်ကို စိုးရိမ်မိကြောင်းနှင့် ထီဆုငွေပြောင်းလဲမှုများအပေါ် စိုးရိမ်မိကြောင်းလည်း ပြောဆိုကြသည်။

စစ်တွေမြို့ဒေသခံ ဒေါ်စိုးစိုးမော်က “အရင်ကဆိုရင် ထီကို တီဗွီမှာပြပြီး ဆုတွေဖောက်ပေးတယ်။ အခုနောက်ပိုင်းကျတော့ ဒါမျိုးမမြင်ရတော့ဘူး။ နောက်ပြီး အခုက ဘဏ်ကငွေတွေထုတ်ရခက်နေတော့ ထီပေါက်ခဲ့ရင် ဘယ်လိုရမှာလဲဆိုတာကို စိုးရိမ်မိတာပေါ့”ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်သူများစိုးရိမ်လာရခြင်းမှာ စစ်ကောင်စီ၏ လုပ်ဆောင်မှုကြောင့်ဖြစ်ပြီး ထိုသို့လုပ်ဆောင်မှုများကြောင့် ထီဈေးကွက်ပျက်ပြားလာနေရခြင်းဖြစ်ကြောင်း ထီလုပ်ငန်းရှင်များကပြောဆိုကြသည်။

ထီလုပ်ငန်းမှာ ပြည်သူများ၏ယုံကြည်မှုအပေါ်တွင် မှီခိုအားထားနေရပြီး ယခုကဲ့သို့ ရောင်းအားကျဆင်းလာခြင်းမှာ ထီအပေါ် လူထုယုံကြည်မှု ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း ဝါရင့်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက သုံးသပ်ပြောဆိုသည်။

“လက်ရှိ အစိုးရအနေနဲ့ ချမှတ်ထားတဲ့ဘဏ္ဍာရေးပေါ်လစီ၊ စီးပွားရေးပေါ်လစီတွေကို ပြန်ပြင်ပြောင်းလဲဖို့လိုနေပြီလို့ ပြောလို့ရတယ်။ အခုလိုဖြစ်လာနေတာတွေက လူထုရဲ့ယုံကြည်မှုနဲ့ တိုက်ရိုက်အချိုးကျနေတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် မူဝါဒတွေကို ပြောင်းလဲကျင့်သုံးဖို့ လိုနေပြီလို့ပြောလို့ရတယ်“ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် NLD အစိုးရလက်ထက်က ရှိခဲ့သည့် ကျပ်သိန်း ၁၅၀၀၀ ကျပ် ထီဆုအပါအဝင် ထီဆုငွေ အသေးများကိုပါ လျှော့ချထားပြီး ထီပေါက်ဂဏန်းများကိုလည်း ယခင်ကကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်ခြင်းများ မလုပ်တော့သည်ကို တွေ့ရသည်။

ဗီဒီယိုများ