ဒေါက်တာအေးမောင်အပါအဝင် AFP ခေါင်းဆောင်တချို့ ANP ပါတီမှ တရားဝင်နှုတ်ထွက်ခွင့်မရသေးခြင်းကို ရွေးကော်ထံတင်ပြ

ဒေါက်တာအေးမောင်အပါအဝင် ရခိုင့်ဦးဆောင်ပါတီ(AFP)ကို ဦးဆောင်မည့် ထိပ်ပိုင်းခေါင်းဆောင်တချို့သည် ရခိုင်အမျိုးသားပါတီ(ANP)မှ တရားဝင်နှုတ်ထွက်ခွင့်မရသေးခြင်းကို ဆောင်ရွက်ပေးရန် အသစ်ဖွဲ့စည်း ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်ထံ တင်ပြခဲ့ကြောင်း AFP ပါတီ တာဝန်ရှိသူများထံမှ သိရသည်။

By မင်းထွန်း 26 Feb 2021

မင်းထွန်း | DMG
ဖေဖော်ဝါရီ ၂၆ ၊ စစ်တွေ

ဒေါက်တာအေးမောင်အပါအဝင် ရခိုင့်ဦးဆောင်ပါတီ(AFP)ကို ဦးဆောင်မည့် ထိပ်ပိုင်းခေါင်းဆောင်တချို့သည် ရခိုင်အမျိုးသားပါတီ(ANP)မှ တရားဝင်နှုတ်ထွက်ခွင့်မရသေးခြင်းကို ဆောင်ရွက်ပေးရန် အသစ်ဖွဲ့စည်း ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်ထံ တင်ပြခဲ့ကြောင်း AFP ပါတီ တာဝန်ရှိသူများထံမှ သိရသည်။

ANP ပါတီမှ ထွက်ခွင့်မရသည့်ကိစ္စနှင့်ပတ်သက်ပြီး ကော်မရှင်အနေဖြင့် တစ်စုံတစ်ရာလုပ်နိုင်သည့် အတိုင်း အတာကနေ လုပ်ပေးရေးကို ယနေ့(ဖေဖော်ဝါရီလ ၂၆ ရက်)တွင် နေပြည်တော်၌ပြုလုပ်သည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြခဲ့ခြင်းဖြစ်သည်ဟု AFP ပါတီ ဒု-ဥက္ကဋ္ဌ ဦးကျော်ဇောဦးက ဆိုသည်။

“ဒေါက်တာအေးမောင်အပါအဝင် AFP ပါတီကို ဦးဆောင်ဦးရွက်ပြုမယ့်သူ ၅ ယောက်ကျော်ဟာ ရခိုင်အမျိုးသား ပါတီ(ANP)ကနေ ထွက်ခွင့်မရဘူး။ အဲဒီကိစ္စကို UEC အနေနဲ့ အသေအချာဆောင်ရွက်ပေးဖို့ကို သွားပြီး တင်ပြတာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ANP ပါတီမှ နှုတ်ထွက်ခွင့်မရသေးသည့်သူများမှာ ANP ပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်၊ ဦးဝေစိန်အောင်တို့ဖြစ်ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး UEC မှ ကော်မတီဝင်များဆွေးနွေးပြီးနောက် အကြောင်းပြန်ပေးမည်ဟု ပြောဆို ကြောင်းနှင့် AFP ပါတီအနေဖြင့် ယင်းတွေ့ဆုံပွဲတွင် တစ်ခြားအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း မရှိခဲ့ကြောင်း ဦးကျော်ဇောဦးကဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီစုစုပေါင်း ၉၁ ပါတီရှိသည့်အနက် အသစ်ဖွဲ့ထားသည့် UEC နှင့် တွေ့ဆုံဆွေးနွေး ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ စသည့် နိုင်ငံရေးပါတီ(၅၃)ပါတီတက်ရောက်ပြီး (၃၈)ပါတီမတက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံဆွေးနွေ းပွဲတွင် ရခိုင်အမျိုးသားပါတီ(ANP)မှ တင်ပြဆွေးနွေးမှုမရှိခဲ့ကြောင်း သိရသည်။

နိုင်ငံရေးတွင် နိုင်ငံရေးပါတီများနှင့်နိုင်ငံရေးလုပ်သူများသည် သဘောထားကြီးစွာဖြင့် လုပ်ဆောင်ရမည် ဖြစ်ကြောင်း လက်ရှိ AFP ပါတီတွင် နာယကအဖြစ်တာဝန်ယူထားသူလည်းဖြစ်၊ ANP ပါတီမှ တရားဝင် နှုတ်ထွက်ခွင့်မရသေးသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်က ပြောသည်။

“နိုင်ငံရေးပါတီတစ်ရပ်က ဘယ်သူမဆို ပါတီခေါင်းဆောင်ဖြစ်ဖြစ်၊ ပါတီဝင်ဖြစ်ဖြစ် အကုန်လုံးလွတ်လွတ် လပ်လပ်ရှိရမယ်။ သဘောက ဒီလူက ပါတီမှာမနေချင်ဘူးဆိုရင် ထွက်ချင်တယ်ဆိုရင်ထွက်ခွင့်ပေးရမယ်။ အခု ပါတီတစ်ခုကကန့်သတ်ထားတယ် ထွက်ခွင့်မပေးဆိုတာက အများကြီးအရုပ်ဆိုးတယ်လို့မြင်တယ်။ နောက်အကျပ်ကိုင်တယ်လို့မြင်တယ်၊ ဆိုလိုတာက တခြားပါတီတွေမှာလည်း မဝင်ရဆိုတဲ့ သဘောမျိုး ဖြစ်တယ်။ ကျနော်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုရင် AFP ပါတီက ဝင်ခွင့်မရ၊ သူတို့(ANP)က ကန့်ကွက်မယ်ကိုစိုးလို့ တသီးပုဂ္ဂိုလခံရတယ်၊ အဲလိုမျိုးပေါ့” ဟု သူကဆိုသည်။

UEC အနေဖြင့် ပါတီတွင်းကိစ္စရပ်များကို ဖြေရှင်းပေးနိုင်မည်မဟုတ်သည့်အတွက် AFP ပါတီမှ ပါတီဝင် တစ်ချို့ နှုတ်ထွက်ခွင့်မရသည့်ကိစ္စများကို UEC ထံ တင်ပြခြင်းသည် လွှဲမှားပြီး ANP ပါတီထံ လာရောက်ဆွေးနွေး စေချင်ကြောင်း ယင်းပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ဆိုသည်။

“အဓိကတော့ ပါတီကိုလာရောက်ပြီးဆွေးနွေးစေချင်တယ်။ ပါတီကိုလာပြီးတော့ နှုတ်ထွက်ခွင့် ရ၊မရဆိုတာဟာ ဘာကြောင့်လဲဆိုတာကို လာပြီးတော့ပြောရင် ပိုပြီးတော့အဆင်ပြေမယ်ထင်တယ်။ အဲတာက တစ်ယောက်ချင်း အပေါ်မှာမူတည်တယ်။ တချို့က ရိုးရိုးနှုတ်ထွက်တာရှိတယ်။ တချို့က ပါတီကိုအပြစ်ပြောပြီးနှုတ်ထွက်တာ ရှိတယ်။ တချို့ကပါတီကိုထည့်ရမယ့်ငွေတွေကို မထည့်တာတွေရှိတယ်။ အဲဒီအပေါ်မှာ တစ်ယောက်ချင်းကို ပါတီမှာမှတ်တမ်းအဖြစ်ရှိတယ်။ အဲတာနဲ့ပတ်သက်လို့ ပါတီကိုနောက်ထပ်တစ်ကြိမ် ဒီကိစ္စကို အကြောင်းကြား ပေးနိုင်ရင်ကောင်းမယ်” ဟု ၎င်းကပြောသည်။

လက်ရှိ AFP ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါက်တာအေးမောင်သည် ယခင် ANP ပါတီဥက္ကဋ္ဌဖြစ်ခဲ့သူဖြစ်သည်။ သို့သော် ဒေါက်တာအေးမောင်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်အမျိုးသားပါတီ(ANP)မှ နှုတ်ထွက်စာ တင်ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ၎င်းဦးဆောင်သည့် AFP ပါတီကို တည်ထောင်ခွင့်လျှောက်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ