ကျောက်ဖြူတွင် ရခိုင့်ဦးဆောင်ပါတီက မဲ အသာစီးရနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရခိုင့်ဦးဆောင်ပါတီ(AFP)က မဲဆန္ဒနယ် (၄) နေရာစလုံးတွင် မဲရလဒ်အသာစီးရရှိကာ အနိုင်ရရှိထားကြောင်း မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် AFP ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းလွင်ထံက သိရသည်။

09 Nov 2020

ကျော်သူဌေး | DMG
နိုဝင်ဘာ ၉၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရခိုင့်ဦးဆောင်ပါတီ(AFP)က မဲဆန္ဒနယ် (၄) နေရာစလုံးတွင် မဲရလဒ်အသာစီးရရှိကာ အနိုင်ရရှိထားကြောင်း မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် AFP ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းလွင်ထံက သိရသည်။

ရခိုင့်ဦးဆောင်ပါတီ အနေဖြင့် ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် တစ်ခြားပါတီများထက် အသာစီးရနေပြီး၊ အမျိုးသားလွှတ်တော်နေရာအတွက်လည်း ကျောက်ဖြူမြို့တွင် အသာစီးရနေပြီး မာန်အောင်မြို့နယ်ဘက်မှ မဲရလဒ်အခြေအနေကို စောင့်ကြည့်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းလွင်က ပြောသည်။

“ကျနော်တို့ပါတီက လောလောဆယ် လွှတ်တော် ၄ ရပ်လုံးကို အနိုင်ရရှိထားပါတယ်။ မဲစာရင်းတွေက အခုမှထွက်နေတုန်းပဲ ရှိပါသေးတယ်။ စာရင်းအတိအကျကိုတော့ စောင့်နေဆဲပါ။ အမျိုးသားလွှတ်တော်နေရာကိုတော့ ကျောက်ဖြူမှာတော့ အသာစီးရနေပါတယ်။ မာန်အောင်အခြေအနေကိုတော့ မသိရသေးဘူး” ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့နယ်တွင် မဲပေးခွင့်ရှိသူဦးရေ (၃၃၅၀၀) ကျော်ရှိပြီး မဲဆန္ဒနယ်အသီးသီးမှ ကိုယ်စားလှယ်တစ်ဦးချင်စီ၏ မဲရလဒ်ကို မသိရသေးပေ။

ထို့အပြင် ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့်လည်း ကျောက်ဖြူမြို့နယ်တွင် အမျိုးသားလွှတ်တော်တစ်နေရာသာ အသာစီးရထားကြောင်း ပါတီဗဟိုအောင်နိုင်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ဝင်းချေက ပြောသည်။

“လောလောဆယ်အဖြေအရတော့ ANP က ရှုံးထားတာများတယ်။ အမျိုးသားလွှတ်တော် တစ်နေရာသာ အခြေအနေကောင်းတယ်။ ပြည်နယ်လွှတ်တော်နဲ့ပြည်သူ့လွှတ်တော်က အခြေအနေမကောင်းဘူးလို့ ကြားပါတယ်” ဟု ကိုကျော်ဝင်းချေက ပြောသည်။

ရခိုင်အမျိုးသားပါတီ အနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့ရှိ မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး၊ ရခိုင့်ဦးဆောင်ပါတီသည် ယခုနှစ်၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ်အတွင်း မဲဆန္ဒနယ်အသီးသီးတွင် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) တို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယခုဖော်ပြပါ မဲရလဒ်များသည် သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ထုတ်ပြန်ပြောကြားသည့် မဲရလဒ်အခြေအနေများဖြစ်ပြီး ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်အတိအကျကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန်သေးပေ။

ဆက်စပ်ဖတ်ရှုရန် :

ဗီဒီယိုများ