ကျောက်ဖြူ- မန္တလေး မီးရထားလမ်း ဖောက်လုပ်ရေး စစ်ကောင်စီ ဆောင်ရွက်နေ 

ဩဂုတ်လ ၂၅ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ စီးပွားရေးရာကော်မတီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

By Admin 26 Aug 2023

ကျောက်ဖြူ - မန္တလေး- ကူမင်း ရထားလမ်းစီမံကိန်း လျာထားပုံ။
ကျောက်ဖြူ - မန္တလေး- ကူမင်း ရထားလမ်းစီမံကိန်း လျာထားပုံ။

DMG ၊ ဩဂုတ် ၂၆ 

ရခိုင်ပြည်၊ ကျောက်ဖြူမှ မန္တလေးသို့ ဆက်သွယ်မည့် မီးရထားလမ်းဖောက်လုပ်ရေးကို အကောင်ထည် ဖော်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ဩဂုတ်လ ၂၅ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ စီးပွားရေးရာကော်မတီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ ဖောက်လုပ်မည့် ရထားလမ်းအပါအဝင် ထားဝယ်ရေနက်ဆိပ်ကမ်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုစေနိုင်သောကြောင့် စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း  သူက ညွှန်ကြားခဲ့သည်။

“ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ မန္တလေးသို့ မီးရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းကို အကောင်ထည်ဖော်နိုင်ရေး ဆောင်ရွက်လျှက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ကုန်စည်စီးဆင်းမှုများ ပိုမိုတိုးတက်လာမည် ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရထားလမ်းစီမံကိန်းမှာ ကိုဗစ်ရောဂါနှင့်အတူ ၂၀၂၁ နောက်ပိုင်း  နိုင်ငံရေးသဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့သဖြင့် ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းရပ်များနှင့် ကုန်သွယ်ရေးကို ထိခိုက်ခဲ့ရပြီး နိုင်ငံစီးပွားရေးကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သေးသည်။ ကျောက်ဖြူ- မန္တလေး ရထားလမ်းစီမံကိန်း လုပ်ဆောင်နေမှုကို အသေးစိပ် ပြောဆိုခဲ့ခြင်း မရှိပေ။

အဆိုပါစီမံကိန်းအပါအဝင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်တို့သည် မြန်မာနိုင်ငံအတွက်သာမက အိမ်းနီးချင်းနိုင်ငံများအထိ အကျိုးပြုနိုင်သောကြောင့် အမြန်ဆုံးပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်သည်ဟု စစ်ခေါင်းဆောင်က ပြောသည်။ 

စစ်ကောင်စီအနေဖြင့် စီမံကိန်းများ အကောင်အထည်ပေါ်ရန် စီစဉ်နေခြင်းမှာ နိုင်ငံရေး၊ စီးပွားရေး အကြပ်အတည်းများကို တွေ့ကြုံနေရသည့်ကာလဖြစ်၍ ပြည်သူလူထုနှင့် နိုင်ငံတကာက အသိအမှတ်ပြုခံရရန် အားထုတ်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများက ရှုမြင်သည်။ 

“နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်း ဖြစ်ပေါ်နေတဲ့အချိန်မှာ လူထုကိုလှည့်စားဖို့အတွက် စီမံကိန်းတွေကို အကြောင်းပြပြီး စိတ်ကူးအိမ်မက်တွေ မက်နေကြတာပါ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး စီမံကိန်းတွေကို အကောင်ထည်ပေါ်အောင် လုပ်နိုင်မှာလဲ” ဟု နိုင်ငံရေးသုံးသပ်သူ ဦးသိန်းစိုးနိုင်က ပြောသည်။ 

ကျောက်ဖြူ- မန္တလေး ရထားလမ်းစီမံကိန်းမှာ ကျောက်ဖြူအထူးစီပွားရေးဇုန်အတွက် အရေးပါပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ရှမ်းမြောက်မူဆယ်ကိုဖြတ်ကာ မန္တလေးနှင့် ကျောက်ဖြူကို တိုက်ရိုက်ကုန်သွယ်ရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းဖော်ဆောင်ရေးအတွက် တရုတ်နှင့် မြန်မာကြား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ခြင်းဖြစ်ပြီး  ၂၀၂၀ ခုနှစ်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငခရီးစဉ်တွင် ရထားလမ်းဖြစ်နိုင်ခြေ လေ့လာမှုအစီအရင်ခံစာကို လွှဲပြောင်းလဲလှယ်ခဲ့ကြကြောင်း  ISP Myanmar ၏ အချက်အလက်အရ သိရသည်။ 

သို့သော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေးပဋိပက္ခများ ဖြစ်နေသောကြောင့် အဆိုပါ ရထားလမ်း အပါအဝင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို အကောင်အထည်ဖော်ရန်ကိစ္စမှာ ဖြစ်နိုင်ခြေမရှိကြောင်း သုံးသပ်မှုများရှိနေသည်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “တစ်နိုင်ငံလုံးဒီလိုဖြစ်နေတဲ့ အချိန်အခါမျိုးမှာ မီးရထားလမ်းပိုင်းကို လုပ်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ တရုတ်ဘက်က ဖိအားပေးမှုတွေကြောင့်သာ အဲလို ပြုလုပ်ဖို့ဆိုပြီး ပြောဆိုတာပဲ ဖြစ်ရင် ဖြစ်မှာပါ။ လက်တွေ့မှာတော့ ဒါတွေ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်က ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုဆိုင်ရာ EIA/SIA ကောက်ယူထားပြီးဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီက အမြန်ဆုံးအကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ 

#I008

ဗီဒီယိုများ