မုန်တိုင်းရှိသဖြင့် ရခိုင်ကမ်းရိုးတန်း ရေကြောင်းခရီးစဉ်များ ရပ်နားဖို့ရှိနေ

မိုးဇလ၏ ယနေ့ ည ၇ နာရီအချိန် ထုတ်ပြန်ချက်တွင် - ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မေလ ၈ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မေလ ၁၀ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

By Admin 06 May 2023

ရခိုင်ပင်လယ်ပြင်တွင် သွားလာနေသည့် ခရီးသည်တင်စက်လှေတစ်စီး။
ရခိုင်ပင်လယ်ပြင်တွင် သွားလာနေသည့် ခရီးသည်တင်စက်လှေတစ်စီး။

DMG ၊ မေ ၆

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၀ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

မုန်တိုင်းဝင်ရောက်ပါက ကမ်းရိုးတန်းဒေသနှင့် ပင်လယ်ပြင်တို့တွင် လှိုင်းကြီးနိုင်သဖြင့် ရခိုင်ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး အမြန်ရေယာဉ်များမှာ အခြေအနေကြည့်ပြီး ရပ်နားရန်စီစဉ်ထားကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။

ပုဂ္ဂလိက ‘ရွှေပြည်တန်’အမြန်ရေယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းက “ဖြစ်ပေါ်လာတဲ့ ရာသီဥတုကို ကြည့်ပြီးတော့ ရပ်တန့်သွားမှာဖြစ်တယ်။ လောလောဆယ်တော့ ကျနော်တို့ကို ရေကြောင်းဦးစီဌာနက မိုးလေဝသက ထုတ်ပြန်ထားတာကို ပို့ပေးထားတာရှိတယ်။ မေလ ၉ ရက်နေ့ကနေ ၁၃ ရက်အထိ အသွားအလာတွေ သတိထားဖို့ ပြောထားတာ။ ၁၀ ရက်နေ့ နောက်ပိုင်းတော့ ရခိုင်ဖက်ကို ရောက်လာနိုင်တာကြောင့် ၈ ရက် ၉ ရက်နေ့ကနေ ရာသီဥတုပေါ်မူတည်ပြီး ရပ်သင့်ရင် ရပ်သွားမယ်” ဟု ပြောသည်။

မိုးဇလ၏ ယနေ့ ည ၇ နာရီအချိန် ထုတ်ပြန်ချက်တွင် - ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မေလ ၈ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မေလ ၉ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မေလ ၁၀ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းဒေသကို ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

လက်ရှိတွင် ရခိုင်ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ “ကစ္ဆပနဒီ”ရေယာဉ်များ သွားနေသော်လည်း နောက်နေ့များတွင် ရပ်နားမည့် အခြေအနေနှင့် ပတ်သက်ပြီး ပြည်နယ်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း တောင်ကုတ် မြို့နယ်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(ကစ္ဆပနဒီ)သင်္ဘောကတော့ ထွက်လာတယ်လို့ သိရတယ်။ ဒီနေ့ရောက်မယ်။ ဒီကိုရောက်ပြီးမှ ပြန်ထွက်၊မထွက်ကို အထက်ကညွှန်ကြားချက်ကို စောင့်ရမယ်။ အခုက အတိအကျပြောလို့မရသေးဘူး” ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး တောင်ကုတ်မြို့နယ်မန်နေဂျာရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၉ ရက်နေ့မှ ၁၄ ရက်နေ့များတွင် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းကျ‌ရောက်နိုင်ပြီး တစ်နာရီမှာ မိုင် ၈၀ ကနေ မိုင် ၉၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်၍ ကမ်းနီးကမ်းဝေး ငါးဖမ်းသမားများ၊ ပြည်သူများအနေဖြင့် သတိထားကြရန် လိုအပ်သည်။

ဘင်္ဂလားပင်လယ်အော်နှင့် ရခိုင်ကမ်းရိုးတန်း ကမ်းစပ်ရှိကျေးရွာများတွင် ကျေးရွာအုပ်ချုပ်ရေးနှင့် တာဝန်ရှိသူတို့က ဒေသခံများကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် တိုက်တွန်းနှိုးဆော်မှုများ လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။

#I006

ဗီဒီယိုများ