- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
မောင်တောက လူတစ်သောင်းခန့်အတွက် WFP ကူညီခွင့် ကန့်သတ်ခံထားရ
လူသားချင်းစာနာမှုအထောက်အပံ့များ ပြန်လည်ပေးအပ်ခွင့်ရရှိနိုင်ရန် ကုလသမဂ္ဂအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းနေကြောင်း WFP က ပြောသည်။
10 Jul 2023

DMG ၊ ဇူလိုင် ၁၀
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းက လူဦးရေတစ်သောင်းခန့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က အကူအညီပေးရေးကို ယခုနှစ် မတ်လကစပြီး စစ်ကောင်စီက ကန့်သတ်ထားကြောင်း သိရသည်။
“ဒီနှစ် မတ်လကစပြီးတော့ မောင်တောမြို့နယ် မြောက်ပိုင်းက လူဦးရေ ၁၀,၀၀၀ လောက်ကို အကူအညီပေးအပ်နိုင်ဖို့ အတွက် သွားရောက်ခွင့်မရရှိတဲ့ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရပါသေးတယ်” ဟု WFP က အီးမေးလ်ကတစ်ဆင့် DMG သို့ ဖြေကြားသည်။
ယခုကိစ္စနှင့်ပတ်သက်၍ WFP က အသေးစိတ်ဖြေဆိုခြင်း မရှိပေ။
လက်ရှိတွင် လူသားချင်းစာနာမှုအထောက်အပံ့များ ပြန်လည်ပေးအပ်ခွင့်ရရှိနိုင်ရန် ကုလသမဂ္ဂအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းနေကြောင်း WFP က ပြောသည်။ ရခိုင်ပြည်မြောက်ပိုင်းရှိ ဒုက္ခသည်တစ်သိန်းခန့်ကို စားနပ်ရိက္ခာအပါအဝင် လူသုံးကုန်ပစ္စည်းများကို WFP က လစဉ်ထောက်ပံ့နေခြင်းဖြစ်သည်။
“ကူညီကယ်ဆယ်ရေးက ရုတ်တရက် ရပ်တန့်သွားတယ်။ သူတို့(WFP) ဘက်ကလည်း ကျနော်တို့ကို ဘာမှမပြောခဲ့ဘူး။ ထောက်ပံ့မှုမရတာ ၄ လကျော် ရှိနေပါပြီ။ အလုပ်အကိုင်လည်း အဆင်မပြေတော့ ဖြစ်သလိုဖြေရှင်းနေကြရတယ်” ဟု ဂြိတ်ချောင်း(မြို) ကျေးရွာနေ ဦးမောင်သာက ပြောသည်။
မောင်တောမြောက်ပိုင်းရှိ ဂြိတ်ချောင်း(မြို)၊ မြဝတီ၊ ခုံတိုင်၊ သက်ကိုင်ညာ၊ တမန်းသား စသည့် ကျေးရွာ ၂၄ ရွာမှ လူဦးရေ တစ်သောင်းခန့်အတွက် WFP က စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ သကြား စသည့် အသုံးအဆောင်များကို လစဉ် ထောက်ပံ့ပေးနေရာမှ စစ်ကောင်စီကန့်သတ်ချက်ကြောင့် ရပ်တန့်သွားခြင်းဖြစ်သည်။
မောင်တောမြောက်ပိုင်းသို့သွားသည့် လမ်းတစ်လျှောက်တွင် စစ်ကောင်စီ နယ်ခြားစောင့်စစ်ဆေးရေးဂိတ် ၁၀ ခု ခန့်ရှိပြီး အဆိုပါဂိတ်များထဲမှ အများစုမှာ စစ်ဆေးရေးတင်းကျပ်မှုကြောင့် လွတ်လပ်စွာ ခရီးသွားလာခွင့်မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
မောင်တောမြို့နယ်သည် နယ်စပ်ဒေသဖြစ်သောကြောင့် အခြေခံစားသောက်ကုန်နှင့် ကုန်ဈေးနှုန်းများသည် အခြားမြို့နယ်များထက် ပို၍မြင့်မားသည်။ ထို့ကြောင့် WFP ထောက်ပံ့မှုကို စစ်ကောင်စီက ကန့်သတ်ထားခြင်းမှာ ပြည်သူများစားဝတ်နေရေးကို အခက်အခဲဖြစ်စေသည်ဟု ဒေသခံများက ပြောကြသည်။
“ပုံမှန်ထောက်ပံ့မှုမရှိတော့ အစားအသောက် ကျပ်တည်းသွားတယ်။ ဆန်ဈေးနှုန်းကလည်း အရမ်းတက်နေတယ်။ ထောက်ပံ့မှုရပ်ပြီးနောက်မှာ ငါးရှာ၊ ဟင်းရှာပြီး ဝမ်းရေးဖြေရှင်းနေရတယ်” ဟု သုပဏ္ဏက(ရွာသစ်)ကျေးရွာမှ ကိုမင်းမြတ်ဝေက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မောင်တောဒေသပဋိပက္ခကြောင့် ဒုက္ခရောက်ခဲ့ကြရသည့် မောင်တောမြောက်ပိုင်းရှိ ကျေးရွာများမှဒေသခံများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) အပါအဝင် NGO၊ INGOs အဖွဲ့အစည်းအချို့က ဆန်၊ ဆီ၊ ဆားနှင့် ကလေးအားဖြည့်စာနှင့် ရိက္ခာများ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။
#R010