ရခိုင်တိုက်ပွဲကြောင့် ဒေသခံနှစ်ထောင်ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင် 

“ရသေ့တောင်မြို့နဲ့ မြစ်ထဲမှာရှိတဲ့နေဗီက လက်နက်ကြီးတွေ အခုထိ ပစ်ခတ်နေတုန်းပါ။ ကျနော်တို့ ကလေးတွေနဲ့ တောတောင်တွေကို ဖောက်ပြီး ထွက်ပြေးနေကြတယ်။ အခုထိ ထမင်းမစားရသေးပါဘူး” ဟု ချိန်ခါလိန်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက နေ့လယ် ၁ နာရီခွဲအချိန်က DMG သို့ ပြောသည်။ 

By Admin 13 Nov 2023

ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာမှ သရက်ပြင်ကျေးရွာသို့ ထွက်ပြေးလာကြသူများ။ ဓာတ်ပုံ- ပေးပို့
ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာမှ သရက်ပြင်ကျေးရွာသို့ ထွက်ပြေးလာကြသူများ။ ဓာတ်ပုံ- ပေးပို့

DMG ၊ နိုဝင်ဘာ ၁၃ 

ရခိုင်တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ဖြစ်ပွားလာသည့် ရသေ့တောင်နှင့် မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲများကြောင့် ဒေသခံ ၂,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေကြသည်။ 

လတ်တလော DMG က ကောက်ယူထားသည့် စာရင်းအရ - ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာမှ ဒေသခံ ၇၀၀ ကျော်၊ ချိန်ခါလိန်ကျေးရွာမှ ဒေသခံ ၁,၂၀၀ ကျော်၊ မင်းပြားမြို့နယ် ဖေသာပြင်နှင့် ဖားပြို (ချင်း) ကျေးရွာမှ ဒေသခံ ၁၀၀ ခန့်၊ ပုဏ္ဏားကျွန်းမြို့နယ် ရေပေါက်ချောင်း၊ တန်းခိုးကျေးရွာတို့မှ လူဦးရေ ၅၀ နှင့် စစ်တွေမြို့မှ ဒေသခံ ၅၀ ခန့်မှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးနေကြခြင်း ဖြစ်သည်။ 

“ရသေ့တောင်မြို့နဲ့ မြစ်ထဲမှာရှိတဲ့နေဗီက လက်နက်ကြီးတွေ အခုထိ ပစ်ခတ်နေတုန်းပါ။ ကျနော်တို့ ကလေးတွေနဲ့ တောတောင်တွေကို ဖောက်ပြီး ထွက်ပြေးနေကြတယ်။ အခုထိ ထမင်းမစားရသေးပါဘူး” ဟု ချိန်ခါလိန်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက နေ့လယ် ၁ နာရီခွဲအချိန်က DMG သို့ ပြောသည်။ 

ချိန်ခါလိန်နှင့် ဒုံးပိုက်ရွာသားများမှာ ရသေ့တောင်မြို့နယ် အောင်မ၊ သံချောင်း၊ သရက်ချောင်း၊ သရက်ပြင်၊ လောင်းချောင်း စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ကြပြီး မေယုတောင်ကြောတွင် ပုန်းခိုနေသူအချို့လည်း ရှိကြောင်း သိရသည်။ 

ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့နယ် ချိန်ခါလိန်နှင့် ဒုံးပိုက် စစ်ကောင်စီ နယ်ခြားစောင့်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အလားတူ မင်းပြားမြို့နယ်ရှိ ကမ်းနီတိုင်းဗဟို ၉ စစ်ကောင်စီ လေ့ကျင့်ရေးကျောင်းသို့ မင်းပြားမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေသာပြင်နှင့် ဖားပြို(ချင်း) ကျေးရွာအနီးတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ 

တိုက်ပွဲဖြစ်ပွားနေသဖြင့် ဖေသာပြင်ကျေးရွာနှင့် ဖားပြို(ချင်း)ရွာမှ ဒေသခံ ၁၀၀ ခန့်မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။ 

“ရွာသားတွေ အကုန်လုံးတော့ မပြေးကြဘူး။ မပြေးတဲ့သူတွေက ရွာထဲမှာ ပုန်းနေကြတယ်။ ပြေးတဲ့သူတွေက နီးစပ်ရာ ဘေးလွတ်တဲ့နေရာတွေကို ပြေးကြတယ်။ မင်းပြားဘက်ကပစ်တဲ့ လက်နက်ကြီးက ရွာထဲအထိ လာကျတာ” ဟု ဖေသာပြင်ကျေးရွာသားတစ်ဦးက ပြောသည်။ 

ယနေ့နံနက်ပိုင်းက မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မင်းပြားမြို့နယ်၊ ဖေသာပြင်(ရွာဟောင်း)မှ ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

ပုဏ္ဏားကျွန်းမြို့နယ် ရေပေါက်ချောင်းနှင့် တန်းခိုးကျေးရွာသားများမှာလည်း ပေါက်တောမြို့နယ် ငွေတွင်းဒွေရွာနှင့် စစ်တွေမြို့ပေါ်က လူဦးရေ ၅၀ ကျော်မှာ ပေါက်တောမြို့နယ် စိုးမဲကျီ၊ သဲခုံ ကျေးရွာများသို့ ထွက်ပြေးနေကြသည်။ 

ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ဒီမနက်မှာ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်နေတာတွေ ရှိပါတယ်။ စခန်းတချို့ သိမ်းပိုက်ရရှိတာလည်း ရှိပါတယ်။ တချို့နေရာတွေမှာ တိုက်ပွဲတွေဆက်ပြီးတော့ ဖြစ်နေတုန်းရှိပါတယ်။ အရာရှိတချို့ ဖမ်းဆီးရမိထားတာ ရှိတယ်။ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်သွားဖို့ ရှိပါတယ်” ဟု ၎င်းက DMGသို့ ပြောသည်။ 

ယနေ့ တိုက်ပွဲများကြောင့် ရန်ကုန် - စစ်တွေကားလမ်းအပါအဝင် စစ်ဆေးရေးဂိတ်ရှိရာလမ်းများနှင့် ရခိုင်ရေကြောင်းလမ်းများကို စစ်ကောင်စီက ပိတ်လိုက်သည်။ 

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကစတင်ခဲ့သော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ဒေသခံနှစ်သိန်းကျော်ရှိခဲ့ပြီး ယင်းအထဲမှ စစ်ဘေးရှောင် ၅ သောင်းကျော်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးကြောင်း UNHCR က ထုတ်ပြန်ထားသည်။

#D004 #DMG

ဗီဒီယိုများ