အာရှလမ်းပျက်စီးနေ၍ ထိုင်းနယ်စပ်သို့ အခြားလမ်းကြောင်းမှ တင်ပို့ခွင့်ပြုသော်လည်း အဆင်မပြေ

သြဂုတ်လ ၇ ရက်နေ့က မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး ဒေါနတောင်တက်လမ်းပိုင်း တောနော်ရေတံခွန်အနီးလမ်းပိုင်းသည် မြေပြိုမှုဖြစ်ကာ လမ်းပြတ်တောက် ပျက်စီးခဲ့ခြင်းဖြစ်သည်။ 

By Admin 10 Aug 2023

ဒေါနတောင်ကျော်လမ်းဟောင်းတွင် ခရီးသွားယာဥ်ငယ်နှင့် ကုန်တင်ယာဥ်ငယ်တချို့သွားလာနေစဥ်။ ဓာတ်ပုံ- CJ
ဒေါနတောင်ကျော်လမ်းဟောင်းတွင် ခရီးသွားယာဥ်ငယ်နှင့် ကုန်တင်ယာဥ်ငယ်တချို့သွားလာနေစဥ်။ ဓာတ်ပုံ- CJ

DMG ၊ သြဂုတ် ၁၀

မြဝတီ - ကော့ကရိတ် ဒေါနတောင်ကျော်လမ်းပိုင်း ပျက်စီးနေခြင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းလိုင်စင်ရှိပါက အခြားကုန်သွယ်ရေးလမ်းကြောင်း များကနေ သွားလာခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဩဂုတ် ၈ ရက်နေ့က ထုတ်ပြန်သည်။

ထိုသို့ခွင့်ပြုထားသော်လည်း မြန်မာ- ထိုင်း ကုန်သွယ်မှုလမ်းကြောင်းတွင် မြဝတီကုန်သွယ်မှုမှာ အဓိက လမ်းကြောင်းဖြစ်ပြီး အခြားလမ်းအသုံးပြုရာတွင် ခရီးလမ်းရှည်လျားမှု၊ အချိန်ကြန့်ကြာမှုများကြောင့် ကုန်သည်များ  အဆင်မပြေဖြစ်နေကြသည်။ 

“လုံး၀ ပို့လို့မရတော့ဘူးဆိုရင် ဒီလမ်းကြောင်းတွေနဲ့ပဲ ပို့ရမှာပေါ့။ အခုခက်တာက ပိတ်မိနေတဲ့ကားတွေရှိတယ်။ ကျနော့်မှာဆိုရင် ကားအစီးရေ ၂၀ ပိတ်မိနေတယ်။ လမ်းမှာမြေပြိုလို့ ထိုင်းနယ်စပ်ကိုလည်း သွားလို့မရ၊ ဘီးလင်းမှာလည်း ရေကြီးလို့ ရန်ကုန်ကိုလာလို့မရဘဲ ပိတ်မိနေတယ်” ဟု ထိုင်းနယ်စပ်သို့ ပြောင်းအဓိကတင်ပို့နေသည့် လုပ်ငန်းရှင် ဒေါက်တာ ဖြိုးကိုကိုနိုင်က ပြောသည်။

သြဂုတ်လ ၇ ရက်နေ့က မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး ဒေါနတောင်တက်လမ်းပိုင်း တောနော်ရေတံခွန်အနီးလမ်းပိုင်းသည် မြေပြိုမှုဖြစ်ကာ လမ်းပြတ်တောက် ပျက်စီးခဲ့ခြင်းဖြစ်သည်။ 

အဆိုပါနေရာသို့ ကရင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် သွားရောက်ခဲ့ပြီး ဆက်သွယ်ရေးလမ်း မပြတ်တောက်စေရေး ဘေလီတံတားထိုးပေးကာ လမ်းပြတ်ကျသည့်နေရာ တစ်ဖက်တစ်ချက်စီမှာ ပေ ၃၀၀ ချဉ်းကပ်လမ်းသစ်အား တစ်လအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဟု MRTV က ကြေညာသည်။

ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတွင် တရားဝင် နယ်စပ်ကုန်သွယ်ရေးအဖြစ် မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မယ်စဲ့ ၊ မောတောင် ဟူ၍ ဂိတ် ၆  ခုရှိသည်။ ယင်းအထဲတွင် ထီးခီး နှင့် မောတောင်နယ်စပ်ဂိတ်တို့မှာ လုံခြုံရေးအခြေအနေကြောင့် ပိတ်ထားရပြီး မြဝတီနယ်စပ်ဂိတ်သည် ကုန်သွယ်မှုအများဆုံးဖြစ်သည်။

“ဝယ်လက်က မြဝတီ- မဲဆောက်မှာပဲရှိတော့ ကျနော်တို့အတွက် အဆင်မပြေဘူး။ ဝယ်လက်က သူအဆင်ပြေတဲ့ နေရာမှာပဲ လာယူနိုင်မှာလေ” ဟု ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေသည့် ကုန်သည် ကိုတိုးတက်နိုင်က ပြောသည်။

လမ်းကြောင်းပြောင်းယူခွင့်ပြုသော်လည်း သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် လမ်းခရီးကြန့်ကြာမှုကြောင့် သယ်ယူစရိတ်ကြီးနေပြီး၊ မြဝတီနယ်စပ်ကသာ အလွယ်ကူဆုံးဖြစ်ကြောင်း ကုန်သည်များက ပြောကြသည်။

လတ်တလောတွင် မြဝတီ- ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းဖြစ်သည့် ကျောက်ကမ်းပါးယံလမ်း၊ အလယ်ဗိုလ်တဲလမ်းပိုင်းတို့ကို ပြန်လည်အသုံးပြုနေပြီး ကုန်တင်ယာဥ်နှင့် ခရီးသည်ယာဥ်ကားကြီး အသုံးပြုရန် မလွယ်ကူပေ။

ရန်ကုန်- မြဝတီ ပြေးဆွဲနေသည့် ခရီးသည်ယာဥ်လိုင်း ကားသမားတစ်ဦးက “အခုကတော့ ဒေါနတောင်လမ်းဟောင်းကို သုံးနေကြတယ်ဆိုပေမယ့် ကားငယ်တွေပဲ သွားလို့ရတယ်။ ကုန်တင်ယာဥ်ကြီးနဲ့ ဘတ်စ်ကားတွေက သွားမရဘူး။ ကျောက်ကမ်းပါးယံ၊ ဗိုလ်တဲအလယ်နဲ့ အောက်ဘက်ကပဲ သွားရတယ်။ လမ်းကမြေလမ်းဆိုတော့ အရမ်းကြီးတော့ မပြေဘူး”  ဟု ၄င်းက ပြောသည်။

ထို့အပြင် ဒေါနတောင်လမ်းဟောင်း တစ်ခုဖြစ်သည့် ထို့ကော့်ကိုး လမ်းနေရာတွင်လည်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လမ်းမြေသားကျွံကျမှုအပြင် တံတားကျိူးကျမှုကြောင့် အသုံးပြုရန် အဆင်မပြေကြောင်း ဒေသခံများထံမှ သိရသည်။

#I004

ဗီဒီယိုများ