သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၁၀၀ အထိရှိလာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၁၀၀ အထိ ရှိလာနေပြီဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။ 

By Admin 27 Mar 2023

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၁၀၀ အထိရှိလာ

DMG ၊ မတ် ၂၇

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၁၀၀ အထိ ရှိလာနေပြီဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။ 

ယခုနှစ်အတွင်း ပင််လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးများ တဖြည်းဖြည်း ပြိုကျလာသည့်အတွက် နေအိမ်များပျက်စီးသွားခြင်းဖြစ်ကြောင်း ဆင်ခေါင်းကျေးရွာမှ နေအိမ်ပျက်စီးသွားသူ ဦးအောင်စံထွန်းက ပြောသည်။ 

“တစ်လမှာ ဒီရေနှစ်ခါ တက်တယ်။ ရေတစ်ခါတက်ပြီဆိုရင် ဘာမှမကျန်လိုက်ဘူး။ မြေတွေကို အကုန်တိုက်စားသွားတာ။ အိမ်တိုင်တွေပြိုပြီး အကုန်မျှောပါသွားတယ်။ တစ်ချို့ဆိုရင် ဆယ်ယူလို့ ရလိုက်တယ်။ ကျနော်အိမ်ဆိုရင် အလုပ်က ပြန်လာတာနဲ့ အိမ်က တစ်ခြမ်းမရှိတော့ဘူး” ဟု ဦးအောင်စံထွန်းက ပြောသည်။ 

ပျက်စီးသွားသည့်အထဲတွင် သံဖြူမိုးပျဉ်ထောင်အိမ်များနှင့် ဓနိမိုးဝါးအိမ်များပါဝင်ကြောင်း သိရသည်။ လက်ရှိမှာ နေအိမ်ပျက်စီးသွားသူများထဲမှ ငွေကြေးတတ်နိုင်သူများမှာ အိမ်ငှားနေထိုင်နေကြသော်လည်း ငွေကြေးမတတ်နိုင်သူများမှာ ပျက်စီးသွားသည့် နေအိမ်အနီးတွင် ယာယီတဲအိမ်များဆောက်လုပ်ကာ နေထိုင်နေကြရသည်။ 

နေအိမ်ပျက်စီးသွားသူများ နေထိုင်နေကြသော ယာယီတဲအိမ်

ဆင်ခေါင်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၂,၀၀၀ ခန့်ရှိပြီး ဒေသခံများမှာ ရေလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်ကျောင်းပြုကြသည်။ ပင်လယ်ရေတိုက်စားမှုကြောင့် နေအိမ်ပျက်စီးသွားသူ အများစုမှာ ပြန်လည် တည်ဆောက်ရန်အတွက် ငွေကြေးအခက်အခဲအပြင် မြေနေရာ အခက်အခဲများလည်း ရှိနေကြသည်။ 

“အခု စားရေးသောက်ရေးက အရေးမကြီးဘဲ နေရေးထိုင်ရေးက သိပ်အရေးကြီးနေပါတယ်။ မပြိုနိုင်တဲ့ အိမ်အောက်မှာ စုပြီး နေနေရပါတယ်။ တစ်အိမ်မှာစုနေပြီး  အဲဒီအိမ်ပြိုရင် နောက်တစ်အိမ်ပြောင်းပြီး စုနေကြရတယ်။ ကလေးတွေနဲ့ ကျမတို့ သိပ်အခက်အခဲဖြစ်နေရပါတယ်” ဟု ဆင်ခေါင်းရွာမှ နေအိမ်ပျက်စီးသွားသူ ဒေါ်ခင်ခင်သန်းက ပြောသည်။ 

ဆင်ခေါင်းကျေးရွာတွင် ရခိုင်စု၊ ဆင်ခေါင်း၊ မှော်ဖျား ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားထားပြီး ပင်လယ်ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များမှာ ရခိုင်စုအပိုင်းမှ နေအိမ်များဖြစ်သည်။

ကျေးရွာတွင် နေထိုင်မည့်မြေနေရာ အခက်အခဲကြောင့် ရခိုင်စုအပိုင်းမှဒေသခံများမှာ သဲသောင်ပြင်တွင် တိုးချဲ့နေထိုင်နေလာကြသဖြင့် ယခုကဲ့သို့ ပင်လယ်ရေတိုက်စားမှုဒဏ်နှင့် ကြုံတွေ့လာရခြင်းဖြစ်ကြောင်း သိရသည်။ 

“အရင်နှစ်တွေကဆိုရင် ဒီရေတက်ရင် သဲတွေတင်ပြီး စုပုံကျန်ခဲ့တယ်။ အဲဒါက ကြာလာတော့ သောင်ပြင်တွေလို ဖြစ်နေတာကြောင့် နေအိမ်တွေတိုးချဲ့ ပြီး နေထိုင်လာကြတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလကနေစပြီး ဒီရေတွေက သဲတွေကို ပြန်ပြီး စုတ်ယူသွားတယ်။ ဒီရေတစ်ခါ တက်ပြီဆိုရင် နေအိမ် ၃၀ လောက် ပျက်စီးတယ်။ အခုဆိုရင် နေအိမ် ၁၀၀ လောက် ပျက်စီးနေပြီ” ဟု ဆင်ခေါင်းကျေးရွာမှ ကိုသန်းတင် ကပြောသည်။

ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုမှာ တစ်လထက်တစ်လ ဆိုးရွားလာနေပြီး ကျေးရွာအတွင်းရှိ နေအိမ်များပါ ပျက်စီးလာနိုင်သည့်အပြင် လာမည့် မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကျေးရွာသားများ ဘေးကင်းလုံခြုံရေးနှင့် နေထိုင်ရေးအဆင်ပြေစေရန်အတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးရန်  ဒေသခံများက လိုလားနေကြသည်။ 

ရခိုင်ပြည်အတွင်းက ကျေးရွာများ ပင်လယ်ရေတိုက်စားခံရသဖြင့် ကမ်းပါးပြိုကျလာမှုများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီစဉ်ရှိ/မရှိကို သိရှိနိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကို DMG က ဆက်သွယ်ခဲ့ရာ အစည်းအဝေးတက်ရောက်နေကြောင်း ဖြေကြားခဲ့သဖြင့် တစ်စုံတစ်ရာ မသိရှိခဲ့ရပေ။ 

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်သည်နှင့်အညီ လှိုင်းလေကြီးပြီး လေပြင်းတိုက်ခတ်မှုများ ရှိသဖြင့် ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများမှာ ပင်လယ်ရေတိုက်စားမှုဒဏ်ကို နှစ်စဉ် ကြုံတွေ့နေကြရသည်။ 

#I001

ဗီဒီယိုများ