- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
မြန်မာ့ငလျင်အတွက် ထရမ့်အစိုးရ အကူအညီ နှောင့်နှေးနေသည့်အပေါ် ဒီမိုကရက်အမတ်များ ရှုတ်ချ
တရုတ်နှင့် ရုရှားတို့ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားကြသည့် မြန်မာ့ငလျင်အတွက် ထရမ့်အစိုးရအဖွဲ့၏ အကူအညီများ နှောင့်နှေးနေခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရက် လွှတ်တော်အမတ်များက ဧပြီလ ၂ ရက်နေ့တွင် ထရမ့်အစိုးရထံ စာတစ်စောင် ပေးပို့ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Apr 2025

DMG ၊ ဧပြီ ၃
တရုတ်နှင့် ရုရှားတို့ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားကြသည့် မြန်မာ့ငလျင်အတွက် ထရမ့်အစိုးရအဖွဲ့၏ အကူအညီများ နှောင့်နှေးနေခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရက် လွှတ်တော်အမတ်များက ဧပြီလ ၂ ရက်နေ့တွင် ထရမ့်အစိုးရထံ စာတစ်စောင် ပေးပို့ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လွှတ်တော်အမတ် ခြောက်ဦး ပူးပေါင်းပေးအပ်ခဲ့သည့် အဆိုပါစာ၌ အမေရိကန် ပြည်ထောင်စုသည် ထရမ့်အစိုးရ၏ USAID အကူအညီများ လျှော့ချပြီးနောက်ပိုင်း ပထမဆုံး ထွက်ပေါ်လာသည့် စာနာမှု အကျပ်အတည်းကြီးကို တုံ့ပြန်ရာ၌ ကျရှုံးလျက်ရှိသည်ဟု ဖော်ပြထားသည်။
"အစိုးရအဖွဲ့သည် ကျင့်ဝတ်တာဝန် အရသာမက ဗျူဟာမြောက် ရည်မှန်းချက်များတွင်ပါ တုံ့ပြန်မှုများ ကျရှုံးနေသည့်အပေါ် မိမိတို့အနေဖြင့် နက်ရှိုင်းစွာ စိုးရိမ်လျက်ရှိသည်။" ဟု အဆိုပါပေးစာ၌ ဖော်ပြထားသည်။
အဆိုပါပေးစာအား လွှတ်တော်အမတ်များက နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ဘဏ္ဍာရေးဆိုင်ရာ အတွင်းရေးမှူး စကော့ဘက်ဆင့်ထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးဌာနအနေဖြင့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ရပ်ဆိုင်းခံထားရနိုင်သည့် ငလျင်ကယ်ဆယ်ရေး အကူအညီဆိုင်ရာ ငွေလွှဲပြောင်းမှုများ အားလုံးကို ခွင့်ပြုပေးရန်လည်း ပေးစာတွင် တိုက်တွန်းထားသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာ့ငလျင်အတွက် အထူးကယ်ဆယ်ရေး အဖွဲ့များ မစေလွှတ်ခဲ့သလို စစ်တမ်းကောက်ယူရေး အတွက် လူသုံးယောက်အဖွဲ့ကိုပင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း စေလွှတ်နိုင်ခြင်း မရှိခဲ့ပေ။
မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက မြန်မာ့ငလျင် ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ သန်း တန်ဖိုးအထိ အကူအညီများ ပေးအပ်သွားမည်ဟု မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဤသည်မှာ အလားတူ သဘာဝကပ်ဘေးများအတွက် အမေရိကန်က မကြာသေးမီက ပေးအပ်ခဲ့သည်ထက် အများအပြား နည်းပါးသည့် ပမာဏလည်း ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် တမ်မီဘရုစ်က အမေရိကန်အစိုးရသည် စစ်တမ်းကောက်ယူရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် ပြင်ဆင်လျက်ရှိပြီး ဝါရှင်တန်၊ မနီလာ၊ ဖိလစ်ပိုင်နှင့် ဘန်ကောက်မှ သဘာဝဘေးဒဏ်ဆိုင်ရာ ကျွမ်းကျင်သူများက အကူအညီပေးရန် ကြိုးပမ်းနေကြသည်ဟု မတ်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မြန်မာ့ငလျင်ကြောင့် သေဆုံးသူ အရေအတွက်သည် ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ၃ ထောင်ကျော်လာပြီဖြစ်သည်။ ဒဏ်ရာရသူ ၄၇၀၀ ခန့်ရှိသလို ပျောက်ဆုံးနေသူလည်း ၃၅၀ ဝန်းကျင် ရှိသည်။