ရခိုင်တွင် တိုက်ပွဲများလျော့နည်းစေရေး နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာကြရန် အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ တိုက်တွန်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများလျော့ပါးစေရန် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က တိုက်တွန်းလိုက်သည်။

By မင်းထွန်း 15 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၁၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများလျော့ပါးစေရန် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က တိုက်တွန်းလိုက်သည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သော NCA လက်မှတ်ရေးထိုးခြင်း ငါးနှစ်ပြည့် အထိမ်း အမှတ် ထုတ်ပြန်ကြေငြာချက်နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ယင်းကဲ့သို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာက ပထမဆုံးပဋိပက္ခတွေကို ရပ်စဲနိုင်မှ၊ ရန်လိုမှုတွေကို ရပ်စဲနိုင်မှ ဆွေးနွေးပွဲကစတင်နိုင်မှာကို။ ဆွေးနွေးပွဲစတင်မှပဲ ငြိမ်းချမ်းရေးက ရမှာဖြစ်တယ်။ ဒီအတိုင်း ပစ်ခတ်နေပြီး မဆွေးနွေးသရွှေ့တော့ ငြိမ်းချမ်းရေးရဖို့မဖြစ်နိုင်ဘူးလေ” ဟု ဆိုသည်။

ယင်းအပြင် ပဋိပက္ခဘေးနှင့် COVID-19 ကပ်ဘေးကြားတွင် ခံစားနေရသည့် ရခိုင်ပြည်နယ်ရှိပြည်သူများ အတွက် အဆိုပါဘေးနှစ်ရပ်မှသက်သာစေရန် နှစ်ဖက်ဆွေးနွေးအဖြေရှာမည့်နည်းလမ်းများကို ရှာဖွေ နိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်နက်ကိုင်ပဋိပက္ခများလျော့သွားစေရန်အတွက် အစိုးရနှင့်တပ်မတော်တို့ အကြားတွင် နိုင်ငံရေးဖြစ်စဉ် များကို အပြန်အလှန်ညှိနှိုင်းရန်လိုအပ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။

“အစိုးရနဲ့တပ်မတော်က ဒီဖြစ်စဉ်အရေးကိစ္စပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စတွေ၊ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးတာပဲဖြစ်ဖြစ် ပေါ်လစီတထပ်တည်းကျရင်တော့ တော်တော်လည်းအဆင်ပြေမယ်လို့ယူဆတယ်။ ပေါ်လစီတထပ်တည်းကျရင်တော့ အစိုးရပေါ်လစီကို တပ်မတော်က အကောင်အထည်ဖော်မယ်၊ တပ်မတော်ရဲ့နယ်မြေရှင်းလင်းရေးတွေကိုလည်း အစိုးရကပေါ်လစီချပေးမယ် စသဖြင့်ပေ့ါလေ အပြန်အလှန် ညှိနှိုင်းပြီးလုပ်တယ်ဆိုရင်တော့ ပဋိပက္ခတွေကလျော့သွားနိုင်တယ်၊ တွေ့ဆုံဆွေးနွေးမှုတွေလည်း ပြန်စလာ နိုင်မယ်လို့ယူဆပါတယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် NCA စာချုပ်တွင် အားလုံးပါဝင်လက်မှတ်ထိုးလာနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ် မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မတော်(RCSS/SSA)တို့ဖြစ်ပြီး အဆိုပါလက်နက်ကိုင် ၈ ဖွဲ့တို့သည် NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။

အလားတူ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ကလည်း NCA စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

ဗီဒီယိုများ