ကျောက်တော်တွင် ပညာရေးဝန်ထမ်းများအတွက် လစာထုတ်လာသည့် ငွေကျပ်သိန်း ၃၀ ကျော် အလုခံရ

ခိုင်ပြည်နယ် ကျောက်တော်မြို့ မြို့နယ်ပညာရေးမှူးရုံးအနီးတွင် ယနေ့(ဩဂုတ်လ ၃၁ ရက်) နေ့လည် ၁၂ နာရီကျော်ခန့်တွင် ပညာရေးဝန်ထမ်းတစ်ဦးထံမှ ငွေကျပ်သိန်း ၃၀ ကျော် အလုခံလိုက်ရကြောင်း သိရသည်။

31 Aug 2022

DMG ၊ ဩဂုတ် ၃၁

ခိုင်ပြည်နယ် ကျောက်တော်မြို့ မြို့နယ်ပညာရေးမှူးရုံးအနီးတွင် ယနေ့(ဩဂုတ်လ ၃၁ ရက်) နေ့လည် ၁၂ နာရီကျော်ခန့်တွင် ပညာရေးဝန်ထမ်းတစ်ဦးထံမှ ငွေကျပ်သိန်း ၃၀ ကျော် အလုခံလိုက်ရကြောင်း သိရသည်။

အလုခံရသည့် ပညာရေးဝန်ထမ်းမှာ ကျောက်တော်မြို့နယ် ကွမ်းအုံချောင်းကျေးရွာ အထက(ခွဲ)ကျောင်းမှ စာရေးမ ဒေါ်နီနီခိုင် ဖြစ်သည်။ ၎င်းကျောင်းမှ ဆရာဆရာမများအတွက် ပညာရေးမှူးရုံးမှ လစာထုတ်ယူပြီးပြန်လာစဉ် တို့ဆေးသုံး၍ အလုခံလိုက်ရခြင်းဖြစ်ကြောင်း ဒေါ်နီနီခိုင်၏ ယောက္ခမဖြစ်သူ ဦးမောင်သိန်းရွေက DMG သို့ပြောသည်။

“ဆေးသုံးခံရတာကတော့ သေချာပါတယ်။ ဘာလို့လဲဆိုတော့ သူနည်းနည်းသတိရလို့ မေးကြည့်တယ်။ သူကတော့ အိမ်ကနေထွက်ပြီး ပညာရေးမှူးရုံးကိုသွားတဲ့အခါ ငွေတစ်ထောင်ပေးခဲ့တာကိုလည်းမှတ်မိတယ်တဲ့။ ပြီးရင် ရုံးမှာလစာထုတ်တာကိုလည်း သူမှတ်မိတယ်တဲ့။ လစာက တစ်ကျောင်းလုံးအတွက် လစာ။ သူက လစာထုတ်လို့ပြီးတာနဲ့ ကျောင်းအုပ်ကြီးကို ပိုက်ဆံရပြီဆိုတာ ဖုန်းဆက်ပြီးအကြောင်းကြားခဲ့သေးတယ်တဲ့”ဟု ၎င်းကပြောသည်။

ထို့နောက် ဒေါ်နီနီခိုင်မှာသတိမရဖြစ်ကာ ရုံးမှထွက်ပြီး သုံးဘီးငှားကာ ဘောလုံးကွင်းအနီးရှိလမ်းတွင် သုံးဘီးပေါ်မှဆင်း၍ လမ်းလျှောက်သွားနေပြီး ဆိုင်ကယ်တစ်စီးဖြင့် တိုက်မိမည်ဖြစ်မှ သတိရခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်သိန်းရွှေက ဆက်ပြောသည်။

“လစာထုတ်ပြီး ဖြတ်ပိုင်းရမယ့်ဟာကိုတော့ သူမမှတ်မိတော့ဘူး။ သူကရုံးကနေထွက်ပြီး သုံးဘီးတစ်စီးပေါ်တက်တယ်။ သုံးဘီးကလည်း ပညာရေးမှူးရုံးအနောက်ဘက် ဘောလုံးကွင်းကိုခေါ်သွားပြီး အဲဒီနားကလမ်းမှာချထားခဲ့တယ်တဲ့။ သူကလည်း လမ်းပေါ်မှာ ထီးတစ်ဆောင်နဲ့လမ်းလျှောက်နေပြီး ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိမယ်ဖြစ်တော့မှ သတိရလာပြီး ပိုက်ဆံမရှိတော့ဘူးဆိုပြီး ငိုတာတဲ့။ အဲဒီအနီးအနားကလူတွေကလာပြီး ပိုက်ဆံအလုခံရလားမေးတော့ မဟုတ်ဘူးဆိုပြိး ငိုတာတဲ့။ အစတုန်းက သူနာမည်နဲ့ ဘယ်ကလဲဆိုတာ မမှတ်မိဘူး။ ခဏနေပြီးမှ သတိရလာပြီ အဲဒီနားကလူတွေ အိမ်ကိုလိုက်ပို့တာ။ အိမ်ကနေပြီးမှ ဆေးရုံပို့တာပါ”ဟု သူကပြောသည်။

အဆိုပါစာရေးမမှာ လက်ရှိတွင် ကျောက်တော်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဦးမောင်သိန်းရွှေဆက်ပြောသည်။

“ဆေးရုံမှာ အခုတော့ဆေးသွင်းထားရတယ်။ နောက်မှ နှလုံးတွေဘာတွေ စစ်ဆေးပြီး ဓာတ်မှန်ရိုက်မယ်လို့တော့ ဆရာဝန်က ပြောပါတယ်”ဟု ၎င်းကဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့မရဲစခန်းမှ စခန်းမှူး ခင်မောင်သန်းကို DMG မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဗီဒီယိုများ