ရခိုင်တွင် တိုက်ပွဲရပ်တန့်နေသော်လည်း ပစ်ခတ်သံတချို့ကြားရသဖြင့် ‌ဒေသခံများ ထိတ်လန့်နေကြ

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့်ရက္ခိုင်တပ်တော်(AA)တို့ကြား လူသားချင်းစာနာထောက်ထားမှုဖြင့် တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

By Admin 21 Dec 2022

ရခိုင်တွင် တိုက်ပွဲရပ်တန့်နေသော်လည်း ပစ်ခတ်သံတချို့ကြားရသဖြင့် ‌ဒေသခံများ ထိတ်လန့်နေကြ

၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၂၁

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့်ရက္ခိုင်တပ်တော်(AA)တို့ကြား လူသားချင်းစာနာထောက်ထားမှုဖြင့် တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် မြန်မာစစ်တပ် တပ်စွဲနေထိုင်သည့် သမိုင်းဝင် မဟာမြတ်မုနိဘုရားရင်ပြင်ပေါ်မှ သေနတ်သံ ၆ ချက်ထွက်ပေါ်ခဲ့သည့်သည်ဟု သရက်တပင်ကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ ညအချိန်မတော် သေနတ်သံတွေကြားရတော့ အကုန်လုံး ကြောက်လန့်သွားကြတယ်။ ဒီနေ့မနက်ပိုင်းဆိုရင် စျေးဆိုင်ရောင်းသူတချို့ မသွားကြဘူး။ မနက်အစော အလုပ်သွားလုပ်တဲ့သူတွေလည်း မသွားတော့ဘူး။ ဘာတွေဆက်ဖြစ်မလဲလို့ စိုးရိမ်နေကြတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားရင်ပြင်ပေါ်တွင် မြန်မာစစ်တပ်နှင့်၊ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ‌ခန့်ရှိပြီး ၂၀၂၂ ခုနှစ် ဇွန်လမှစ၍ တပ်စွဲနေထိုင်နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ယမန်နေ့ည ပစ်ခတ်သံများကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ကာ မအိပ်ဘဲ နေထိုင်ခဲ့ရ သည်ဟု ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ကျမတို့က အပစ်အခတ် ရပ်စဲထားတယ်ဆိုရင် စိတ်ချလက်ချ နေကြတာပေါ့။ အဲဒီမှာ မဟာမုနိ ဘုရားထက်က သေနတ်ပေါက်သံတွေ ကြားလာရတော့ အိမ်ခန်းအောက်ကို ဝင်ပြေးကြတယ်။ တစ်ည လုံးလည်း မအိပ်နိုင်ဘဲ ဘာတွေဆက်ဖြစ်မလဲလို့ တွေးနေခဲ့တယ် ” ဟု စစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။

စစ်ရေးပဋိပက္ခဒဏ်ကို နှစ်ကြိမ်ဆက်တိုက် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်အတွင်းက ဒေသခံများမှာ ပစ်ခတ်သံများ ထွက်ပေါ်လာမှုတို့ကြောင့် စိုးရိမ်ထိတ်လန့်နေကြပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ခြိမ်းခြောက်မှု ခံနေကြရသည်ဟု ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်ကြာ စစ်ရေးကာလအတွင်းကလည်း တိုက်ပွဲဆိုးကျိုးများက ပြည်သူဘက်ကို ဦးတည်ခဲ့သဖြင့် ဒေသခံပြည်သူများမှာ ယင်းကဲ့သို့ ကြောက်လန့်နေကြရသည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောသည်။

“ ဒေသခံတွေကတော့ တိုက်ပွဲတွေ ဖြစ်လာမလားဆိုပြီး စိုးရိမ်ကြမယ်။ ဒါတွေကတော့ ပြည်သူလူထုကို သွယ်ဝိုက်တဲ့နည်းနဲ့ ကြောက်အောင်၊ လန့်အောင် လုပ်နေတာဖြစ်တယ်။ အရင်တိုက်ပွဲတုန်းကလည်း ပြည်သူဘက်ကို ဦးတည်ခဲ့တဲ့အတွက် သူတို့ (စစ်ကောင်စီတပ်)သွားတာ၊ လာတာတွေကို မြင်ရင်တောင် ကြောက်လန့်နေတဲ့ အနေထားပေါ့ ” ဟု ဦးဦးထွန်းဝင်းက ပြောသည်။

မဟာမြတ်မုနိဘုရားရင်ပြင်ပေါ်မှ ပစ်ခတ်မှုတို့ကြောင့် ဘုရားဖူးခရီးသည်များ လာရောက်မှုနည်းပါးသွား ကြောင်း မဟာမြတ်မုနိဘုရား ဂေါပကအဖွဲ့မှ သိရသည်။

“ ပုံမှန်အနေထားတော့ မဟုတ်ဘူးပေါ့။ ဘုရားဖူးလာတဲ့ သူတွေမှာလည်း တိုင်းပြည်မအေးချမ်းသေးတော့ စိုးရိမ်ကြတာပေါ့။ ပြည်သူတွေက အရင်ကတည်းကနေ အတွေ့အကြုံတွေရထားတော့ စိုးရိမ် ထိတ်လန့်နေကြတာ” ဟု မဟာမြတ်မုနိဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ‌ဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန် တိုက်ပွဲပြီးနောက် နှစ်ဖက်နားလည်မှုနှင့် အပစ်အခတ်ရပ်စဲထားသည်မှာ လက်ရှိတွင် တစ်လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဗီဒီယိုများ