ရခိုင်ပြည် တိုးတက်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လာရောက်ခြင်းဟု စစ်ခေါင်းဆောင်ပြော 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

By Admin 28 Feb 2023

စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်းစီမံကိန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးနေသည့် စစ်ကောင်စီဉက္ကဌ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်းစီမံကိန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးနေသည့် စစ်ကောင်စီဉက္ကဌ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

DMG ၊ ဖေဖော်ဝါရီ ၂၈ 

နိုင်ငံ့စီးပွားရေးမြှင့်တင်ရန် ရခိုင်ပြည်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများမြှင့်တင်ရေး အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် ရခိုင်ပြည်သို့ လာရောက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ 

“နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် ရင်းနှီးမတည်ငွေတွေ ထုတ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်အတွက် ရန်ပုံငွေကျပ် ၁၀ ဘီလီယံကို ထုတ်ပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကိုအခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အောင်မြင်အောင် အားပေးဆောင်ရွက်ကြဖို့လိုကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ 

ရခိုင်ပြည်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်မှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌက ပြောဆိုခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ 

ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း လိုအပ်သည့်အကူညီများတောင်းကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များက ဆိုကြသည်။ 

“ကျနော်တို့ ကျေးလက်နေပြည်သူတွေ အလုပ်အကိုင်ရဖို့နဲ့ တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို Export လုပ်ဖို့အတွက် အားတက်သရော တိုက်တွန်းတာကို တွေ့ရပါတယ်။ အဓိကကတော့ လုပ်ကြပေါ့။ လိုအပ်တဲ့အကူအညီတွေကိုတောင်းကြပါ၊ ကိုယ့်ကိုကိုယ်လည်းအားဖြည့်လုပ်ဖို့၊ ကိုယ့်အားကိုကိုယ်စိုက်၊ အစိုးရဆီကလည်းပံ့ပိုး၊ အဲဒါမှ တိုးတက်မယ်ဆိုတဲ့ အကြောင်းတွေကို ပြောခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် သတင်းတွေဖလှယ်ပြီးလုပ်ကြဖို့လည်း အားတက်သရောပြောသွားပါတယ်” ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္က ဦးသန်းဝင်းက ပြောသည်။ 

ရခိုင်ကစီးပွားရေးလုပ်ငန်းရှင်များ စစ်ကောင်စီဥက္ကဌနှင့် တွေ့ဆုံရာတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့် နည်းပညာ၊ ငွေကြေး စသဖြင့် လိုအပ်ချက်များကို တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။ 

တင်ပြတောင်းဆိုချက် အများအပြားကို လုပ်ပေးမည်ဟု အာမခံချက်မပေးဘဲ ဆွေးနွေးညှိနှိုင်းပြီးမှသာ ပြန်လည်ဖြေကြားပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သူများကဆိုသည်။

“အိန္ဒိယဆိပ်ကမ်းမှာ ရန်ကုန်-စစ်တွေ ပြေးဆွဲနေတဲ့ သင်္ဘောတွေကိုပါ ကမ်းကပ်ခွင့်ပေးဖို့အတွက် တင်ပြတောင်းဆိုခဲ့တာတွေရှိတယ်။ အဲဒါကို သူတို့ဘက်က ညှိနှိုင်းပြီးမှပဲ ပြန်ပြီးအဖြေပေးမယ်ဆိုတဲ့ အဖြေထွက်လာတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီဥက္ကဌသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီးနောက် စစ်တွေမြိုရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိ နေခြင်းဖြစ်ပြီး ယင်းနေ့တွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော်ကြီးအား သွားရောက်ဖူးမြော်ခဲ့သလို အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံခဲ့သည်။

၎င်းသည် အခုနှစ် ဇန်နဝါရီလအတွင်းကလည်း ရခိုင်ပြည်၊ သံတွဲမြို့သို့ ရောက်ရှိလာခဲ့ပြီး ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။ 

#R005

ဗီဒီယိုများ