- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
ငွေစက္ကူသစ်ကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု စစ်ကောင်စီပြော
ငွေစက္ကူသစ်ကို ငွေစက္ကူအဟောင်းနှင့် အပ်နှံလဲလှယ်သူများကို တန်ဖိုးတူအနေဖြင့် လူတစ်ဦးလျှင် သုံးရွက်သာ လဲလှယ်ခွင့်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
26 Jul 2023

DMG ၊ ဇူလိုင် ၂၅
ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကို အလုံးအရင်းဖြင့် ထုတ်ခြင်းဟုတ်ဘဲ အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့်သာ ထုတ်ဝေခြင်းဖြစ်၍ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ငွေစက္ကူသစ်ကို ငွေစက္ကူအဟောင်းနှင့် အပ်နှံလဲလှယ်သူများကို တန်ဖိုးတူအနေဖြင့် လူတစ်ဦးလျှင် သုံးရွက်သာ လဲလှယ်ခွင့်ရှိကြောင်း စစ်ကောင်စီပိုင် MRTV ရုပ်သံတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၂၄ ရက်က ဖြေကြားထားသည်။
“အခု နှစ်သောင်းတန်ငွေစက္ကူ လဲလှယ်ရာမှာ သိန်းတစ်ရာလိုချင်လို့ ကိုယ်မှာရှိတဲ့ ငွေစက္ကူအဟောင်း သိန်းတစ်ရာယူပြီး သွားလဲလို့မရဘူး။ တစ်ယောက်ကို ၃ ရွက်ပဲ ထုတ်ပေးမှာ။ အဲဒီ ၃ ရွက် ကိုလည်း အခမဲ့ပေးတာမဟုတ်ဘဲ တန်ဖိုးညီတဲ့ငွေနဲ့ လဲလှယ်မှာဖြစ်တယ်။ ဒါကြောင့် ငွေရေးကြေးရေးဈေးကွက်ထဲမှာ ငွေစက္ကူနှစ်သောင်းတန် အသစ်တွေဝင်ရောက်လာဖို့ လုံးဝ မဖြစ်နိုင်ဘူး။ အဲတော့ ငွေကြေးဖောင်းပွမှုဆိုတာ မဖြစ်နိုင်ဘူး” ဟု သူကပြောသည်။
အသစ်ထုတ်ဝေမည့် ငွေစက္ကူသစ်ကြောင့် မြန်မာငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွကာ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာနိုင်၍ ပြည်သူများအခက်တွေ့နိုင်ကြောင်း ဝေဖန်သံများထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက ထုတ်ပြောလာခြင်းဖြစ်သည်။
“မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်တည်ထားပြီးစီးမှုနှင့် ဆင်ဖြူတော်ရတနာတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။ လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများကိုလည်း တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်သွားမည် မဟုတ်ကြောင်း စစ်ကောင်စီက ပြောသည်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေမည်ဟု မြန်မာနိုင်ငံဗဟိုဘဏ်က ကြေညာပြီးနောက် ရန်ကုန်အပါအဝင် နယ်စပ်ကုန်သွယ်ရေးမြို့များတွင် နိုင်ငံခြားငွေလဲလှယ်မှုနှင့် ရွှေဈေးကွက်များအား ပိတ်ပင်ထားသည်ကို တွေ့ရသည်။
“ကျပ်နှစ်သောင်းတန် ဂယက်ကြောင့် ကုန်ပစ္စည်းတွေကို သတိနဲ့ အရောင်းအဝယ်လုပ်နေရတယ်။ ကိုယ်က မူလဈေးနဲ့ရောင်းလိုက်လို့ ကိုယ်ပြန်ဝယ်တဲ့အခါ အဲဒီကုန်ဈေးနှုန်းက ရောင်းလိုက်တဲ့ဈေးထက်တက်သွားတော့ အရှုံးပေါ်နေကြလို့ အရောင်းအဝယ်တွေကို ချင့်ချိန်ပြီး လုပ်နေရတယ်” ဟု ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့က စားကုန်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကဘပြောသည်။
မြန်မာနိုင်ငံတွင် ငွေစက္ကူသစ်များကို စီးပွားရေးနှင့် နိုင်ငံရေး ဂယက်ရိုက်နေချိန်တွင် ထုတ်ဝေလေ့ရှိပြီး ပြည်သူလူထုမှာ ယင်း၏အကျိုးသက်ရောက်မှုဒဏ်ကို ရင်ဆိုင်ခံစားကြရကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများက ပြောကြသည်။
လက်ရှိတွင် ဒေါ်လာဈေးမတည်ငြိမ်မှုနှင့်အတူ မြန်မာ့ငွေကြေးတန်ဖိုး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် ပြည်သူများမှာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးအလဲရင်ဆိုင်နေရပြီး ဝင်ငွေနှင့်ထွက်ငွေ မကိုက်ဖြစ်နေကြသည်။
“လူတွေမှာတော့ စိုးရိမ်စိတ်နဲ့နေကြရတဲ့အခါ တစ်ခုခုဆိုရင် ငွေကြေးတန်ဖိုးကျသွားမှာကို အကုန်လုံးက စိုးရိမ်ကြတယ်။ အဲတော့ ခိုင်မာမှုရှိနိုင်တဲ့ ရွှေ၊ မြေ၊ ကားတို့လို ဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံကြတယ်။ အဲဒီ ရွှေဈေး အိမ်ခြံမြေနဲ့ ကားဈေးနှုန်းတွေကလည်း ထောင်တက်နေတွေ့ရတယ်။ အခုက ကုန်ဈေးနှုန်းတွေက အားလုံးတက်နေတော့ ဒီဂယက်ကြောင့် ဆက်တက်ဖို့ဆိုတာက သိပ်မဖြစ်နိုင်တော့ဘူးလို့ မြင်တယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်း အတွင်းအရေးမှူး ဦးအောင်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အကျပ်အတည်းများ ကြုံတွေ့နေရပြီး စစ်ကောင်စီနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်များအကြား တိုက်ပွဲများမှာလည်း ပိုမိုပြင်းထန်လာနေသည်။
#I006