ရခိုင်မှာ လက်နက်ကြီးထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးရသူ ရာခိုင်နှုန်းတိုးလာ

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သားများ သေဆုံးခြင်းနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူများ တိုးလာနေသည်။

By Admin 22 Nov 2022

ရခိုင်မှာ လက်နက်ကြီးထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးရသူ ရာခိုင်နှုန်းတိုးလာ

DMG ၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သားများ သေဆုံးခြင်းနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူများ တိုးလာနေသည်။

ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများ၏ ၇၀ ရာခိုင်နှုန်းမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးကာ မသန်စွမ်းဖြစ်ခဲ့ရကြောင်း လူမှုအဖွဲ့အစည်းများ၏ အချက်အလက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ကျောက်တော်မြို့နယ်၊ ငှက်ပျောချောင်းကျေးရွာမှ ဒေသခံ ဒေါ်အေးမြမှာ တောင်ပေါ်သို့မျှစ်ချိုးသွားစဉ် မိုင်းနင်းမိခဲ့သည့်အတွက် ဘယ်ခြေထောက်ပြတ်တောက်ကာ မသန်စွမ်း ဖြစ်သွားခဲ့ရသည်။

“အခုလိုဖြစ်သွားတော့ အရင်နဲ့ ဘယ်တူပါ့မလဲ။ အရာရာမှာ စိတ်အားငယ်နေရတယ်။ လုပ်ချင်တာလဲ မလုပ်ရ။ သွားချင်တာလဲ မသွားရတော့ဘူးလေ”ဟု ဒေါ်အေးမြကပြောသည်။

လင်ယောကျ်ားဆုံးပါးသွားခဲ့ပြီဖြစ်သည့် ဒေါ်အေးမြတွင် တက္ကသိုလ်တက်ရောက်နေသော သမီးတစ်ဦးရှိကြောင်း သိရသည်။ ဒေါ်အေးမြ ယခုကဲ့သို့မိုင်းထိမှန်ကာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရသည့်အတွက် မိသားစု စားဝတ်နေရေးနှင့် ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် သမီးဖြစ်သူမှာ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေရသည်ဟု ဒေါ်အေးမြကပြောသည်။

အလားတူ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှ အသက်(၄၁)နှစ်အရွယ် ဦးဘရွှေမှာလည်း မိသားစုစားဝတ်နေရေးအတွက် ကျေးရွာအနီးရှိ တောင်ပေါ်သို့ သစ်သီးဝလံများ ရှာဖွေရန်သွားစဉ် မိုင်းနင်းမိ၍ ဘယ်ခြေထောက်ပြတ်သွားပြီး မိုင်းစထိမှန်မှုကြောင့် မျက်လုံးနှစ်စုံပါ ထိခိုက်သွားခဲ့ရသည်။

အလုပ်လုပ်ကိုင်ရန် အဆင်မပြေတော့သည့်အတွက် မိသားစုစားဝတ်နေရေး အခက်အခဲရှိနေပြီး သတ္တမတန်းပညာ သင်ကြားနေသည့် သမီးဖြစ်သူကိုလည်း ကျောင်းမှထုတ်လိုက်ရသည်ဟု ဦးဘရွှေကပြောသည်။

“ကျွန်တော် အိမ်ရှင်မမှာလည်း နို့စို့အရွယ်ကလေးနဲ့ဆိုတော့ အလုပ်လုပ်ဖို့က အဆင်မပြေ။ ကျွန်တော်ကလည်း မလုပ်နိုင်တော့ဘူး။ စားရေးသောက်ရေးလည်း မဖူလုံတော့ဘူး။ ငွေကြေးမတတ်နိုင်လို့ သမီးလေးကိုပါ ကျောင်းကထုတ်ပစ်လိုက်ရတယ်”ဟု ဦးဘရွှေကပြောသည်။

ဦးဘရွှေမှာ သားသမီးငါးဦးရှိပြီး မိသားစုဝင်များနှင့်အတူ လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကဏန်းတောင်ကျေးရွာတွင် စစ်ဘေးရှောင်အဖြစ် ခိုလှုံနေရကြောင်း သိရသည်။

ယင်းအပြင် မိုင်းထိမှန်ထားသော မျက်လုံးမှာလည်း မသက်သာသေးသည့်အတွက် စစ်တွေဆေးရုံတွင်ပြသရန် တစ်လလျှင်တစ်ကြိမ် လာရောက်နေရပြီး ငွေကြေးအခက်အခဲကြောင့် ပုံမှန်မသွားနိုင်ကြောင်း ဦးဘရွှေက ပြောသည်။

တိုက်ပွဲကာလအတွင်း ကိုယ်လက်အင်္ဂါများ ဆုံးရှုံးကာ မသန်စွမ်းဖြစ်သွားခဲ့ရသူများနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ကူညီဆောင်ရွက်ပေးမှုပိုင်းမှာ လက်ရှိအထိ အားနည်းနေဆဲဖြစ်ကြောင်း လူမှုအဖွဲ့အစည်းများမှ ထောက်ပြ ပြောဆိုကြသည်။

“စစ်ပွဲတွေက ဆက်လက်ပြီးဖြစ်နေမယ်ဆိုရင် ရခိုင်မှာ မသန်စွမ်းသူဦးရေက လျော့သွားမှာမဟုတ်ဘူး။ တိုးလာဖို့ပဲရှိတယ်။ ဒီတိုးလာတဲ့နှုန်းထားအတိုင်း အစိုးရအနေနဲ့ မသန်းစွမ်းသူတွေ ကြည့်ဖို့လိုအပ်တယ်ပေါ့။ သူတို့အတွက် လိုအပ်တာတွေ၊ ရေရှည်ဘဝရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းပညာတစ်ခုခုပဲဖြစ်ဖြစ် လုပ်ပေးသင့်တယ်”ဟု ရွှေမင်းသားဖောင်ဒေးရှင်းမှ ရခိုင်ပြည်တာဝန်ခံ မထွေးမေကပြောသည်။

DMG မှ ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် စက်တင်ဘာလအတွင်း သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးရှိခဲ့သည်။ အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ဦးအထိ ရှိခဲ့သည်။

ရခိုင်တွင် ယခုနိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရသတ္တပတ်အတွင်း အရပ်သား ထိခိုက်သေဆုံးသူဦးရေ ၇၀ ကျော်အထိ ရှိခဲ့သည်။ ထိုသို့ လက်နက်ကြီးကျည်ထိမှန်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် မသန်စွမ်း ဖြစ်သွားခဲ့ရသူများထဲတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကျောင်းနေအရွယ် ကလေးများလည်း ပါဝင်သည်။

ဗီဒီယိုများ