စစ်တွေတွင် ငွေတုအများအပြားတွေ့ရှိခဲ့မှုအပေါ်ဒေသခံများစိုးရိမ်

ရခိုင်ပြည်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် တစ်သောင်းတန်ငွေစက္ကူသုံးသိန်းခွဲ တွေ့ရှိခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ငွေစက္ကူအတုများ များစွာပျံ့နှံ့လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြကြောင်း သိရသည်။

26 Jun 2022

ဓာတ်ပုံ - ရခိုင့်နေ့စဉ်

DMG ၊ ဇွန် ၂၆

ရခိုင်ပြည်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် တစ်သောင်းတန်ငွေစက္ကူသုံးသိန်းခွဲ တွေ့ရှိခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ငွေစက္ကူအတုများ များစွာပျံ့နှံ့လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က စစ်တွေမြို့ ဧရာဝတီဘဏ်တွင် တစ်သောင်းတန်ငွေတု သုံးသိန်းငါးသောင်းကို စစ်ဆေးတွေရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖမ်းဆီးရမိသူမှာ ဈေးဆိုင်ရောင်းချနေသူဖြစ်ကာ ၎င်းအား အမှတ်(၁) ရဲစခန်းသို့ စစ်ဆေးရန် ပို့ဆောင်ခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းပြန်ကြားရေးစာမျက်နှာတွင် ဖော်ပြခဲ့သည်။

ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်တွင် ပြည်သူများအကြားတွင် ငွေတုများပျံ့နှံ့နေနိုင်ခြင်းနှင့်ပတ်သက်၍ များစွာစိုးရိမ်ကြောင်း ဒေသခံများကဆိုသည်။

ငွေစက္ကူများသည် လက်ရှိဘဝတွင် အရေးပါသော အရာတစ်ခုအဖြစ်ရှိနေပြီး ယခုကဲ့သို့ အတုများပေါ်ထွက်လာခြင်းမှာ ပြည်သူများ၏ ဘဝရပ်တည်ကို ခြိမ်းခြောက်ရာရောက်နေကြောင်း စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးနိုင်ပြောသည်။

“လူသားတိုင်းမှာငွေဆိုတာ ဒုတိယဘုရားသခင်ပဲလေ။ တကယ်လို့ ကိုယ့်လက်ထဲကို ငွေအတုရောက်လာရင် ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို လျှော့ပစ်လိုက်ရသလိုဖြစ်တာပဲလေ။ ဒါကြောင့် ငွေကြေးအပေါ်မှာ မယုံကြည်ရမှု၊ စိုးရိမ်မှုတွေရှိနေရပြီဆိုရင် ဒါဟာ ဘဝရဲ့ရပ်တည်ချက်ကို ခြိမ်းခြောက်ရာရောက်တာပါပဲ ” ဟု ၎င်းကဆိုသည်။

ထို့အပြင် သတိမမူမိဘဲ ငွေတုကို လက်ဝယ်ကိုင်ဆောင်ထားမိပါကလည်း အရေးယူခံရမှုများရှိလာနိုင်သည့်အတွက် ထပ်ဆင့်ဒုက္ခရောက်မည့်အရေးနှင့် ကြုံတွေ့ရနိုင်သည့်အတွက် စိုးရိမ်မိကြောင်း ဦးစိုးနိုင်ကပြောသည်။

“တကယ်လို့ ငွေတုကို ကိုယ့်လက်ထဲရောက်မှ ဖမ်းမိပြန်ရင်လည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ဖြူးတဲ့သူက အရေးယူမခံရပဲ ကိုယ်ကပဲခံရမယ်ဆိုရင် ကိုယ့်ငွေလည်းဆုံးရှုံးရသလို တရားလည်းအစွဲခံရတာဆိုတော့ နှစ်ခါနာရတာပေါ ” ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်သည် ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့်အတွက် ရခိုင်မှ ဒေသခံအများအပြားသည် လက်လုပ်လက်စားသမားများဖြစ်ကြပြီး ရခိုင်ပြည်နယ်၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်နေ လူတန်းစားများ ဖြစ်ကြသည်။

ထို့ကြောင့် ယခုကဲ့သို့ ငွေစက္ကူအတုများကို သာမန်လက်လုပ်လက်စားပြည်သူများအနေဖြင့် ခွဲခြားသိရှိရန် အခက်အခဲရှိပြီး ယခုကဲ့သို့ ငွေစက္ကူများ အများအပြား တွေ့ရှိလာမည်ကိုစိုးရိမ်မိကြောင်း လက်လုပ်လက်စားသမား တစ်ဦးဖြစ်သူ ကိုညီညီက ဆိုသည်။

“ကျွန်တော်တို့က တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ တစ်ရက်လုံးပန်းရံလုပ်မှ ငွေတစ်သောင်းရတာ ။ တကယ်လို့ အဲ့ဒီငွေသာ အတုဆိုရင် ကျွန်တော်တို့အတွက် အများကြီးနစ်နာပါတယ်။ ဒါကြောင့် ငွေအတုနဲ့ ကျမှာကို အရမ်းစိုးရိမ်မိပါတယ် ” ဟု ၎င်းပြောသည်။

အခုကဲ့သို့ တွေ့ရှိခဲ့သည့်ငွေစက္ကူအတုများသည် တစ်ဘက် ဘဂ်လားဒေ့ရှ့်နိုင်ငံနယ်စပ် သို့မဟုတ် တရားမဝင်ကုန်သွယ်မှုများကတစ်ဆင့် ပြန့်ပွားလာခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက DMGသို့ သုံးသပ်ပြောဆိုထားသည်။

ထို့အပြင် အဆိုပါငွေတုများနှင့်ပတ်သက်ပြီး ပြည်သူများနစ်နာမှုများရှိနိုင်သဖြင့် ငွေတုဖြန့်ဖြူးသူများကို ထိထိရောက်ရောက် ရှာဖွေကာ အရေးယူမှုများပြုလုပ်သင့်ကြောင်းလည်း စစ်တွေမြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးအောင်အောင်က ပြောဆိုထားသည်။

လက်ရှိ၌ ငွေအတုရောင်းချသည်ဟုဆိုကာ လူမှုကွန်ယက်စာမျက်နှာ (Facebook)တွင် Page များဖြင့်တွင် တွင်ကျယ်ကျယ် ရောင်းချနေမှုများကို တွေ့မြင်နေရသည်။

ဗီဒီယိုများ