AA သံသယနှင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၅ ဦး ချုပ်ရက်စေ့၍ လွတ်မြောက်လာ

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား (၃၈)ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး (၃၃) ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်(၅)ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့သည်။

By Admin 21 Feb 2023

AA သံသယနှင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၅ ဦး ချုပ်ရက်စေ့၍ လွတ်မြောက်လာ

DMG ၊ ဖေဖော်ဝါရီ ၂၁

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၂ (က) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသားပါ ၅ ဦးမှာ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ချုပ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာကြသည်။ 

ကျောက်ဆိပ်ကျေးရွာသား ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ် တို့မှာ ယနေ့နံနက်ပိုင်းက စစ်တွေအကျဉ်းထောင်မှ ပြန်လွတ်လာခြင်းဖြစ်သည်။ 

လွတ်မြောက်လာသူ ကိုညီညီအောင်က “ကျန်နေသေးတဲ့ AA နဲ့ပတ်သက်လို့ အကျဉ်းကျနေသူတွေကိုလည်း လွတ်စေချင်တယ်။ သူတို့ အခက်အခဲတွေ အများကြီးရှိနေကြတယ်။ ဒီနေ့လွတ်လာပေမယ့် မဟုတ်မမှတ်ဘဲ ပေးဆပ်ခဲ့ရတဲ့အတွက် ဝမ်းနည်းမိတယ်။ ဒါပေမယ့် ကိုယ့်လူမျိုးအတွက် ပေးဆပ်ခဲ့ရတဲ့အတွက် ဂုဏ်ယူတယ်” ဟု ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား (၃၈)ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး (၃၃) ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်(၅)ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့သည်။ ၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်ကာ နှိပ်စက်မေးမြန်းနေသည့်ဗီဒီယိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။

ထို့နောက်တွင် ကျောက်ဆိပ်ရွာသား ၅ ဦးကို AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၀၅)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၀(က)ဖြင့် ငြိစွန်းမှုမရှိဟု တရားရုံးက ဆုံးဖြတ်ခဲ့သော်လည်း ၅၂(က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရသည်။  

“ဒီနေ့လွတ်လာလို့ ဝမ်းသာမိတယ်။ ကျနော်တို့လိုအမှုတွေနဲ့ (အကျဉ်းထောင်)အထဲမှာရှိနေတဲ့ လူတွေကိုလည်း လွတ်စေချင်တယ်” ဟု လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ကိုမောင်ချေက ပြောသည်။ 

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခမှာ ၂ နှစ်ကျော်ကြာ ပြင်းထန်ခဲ့ပြီး ထိုတိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိခဲ့သည်။ 

ယင်းအထဲမှ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ချုပ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသူများရှိသော်လည်း မလွတ်မြောက်သေးသူ အများအပြားကျန်ရှိနေသေးသည်။

#E004

ဗီဒီယိုများ