KIA ဂျေယန်စစ်ရှောင်စခန်း မီးလောင်မှု လူဦးရေ ၁၇၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

စစ်ရှောင်နေအိမ်တစ်လုံးတွင် လျှပ်စစ်အိုးဖြင့် ဟင်းချက်ရာမှ ဝါယာရှော့ခ် ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

By Admin 20 Mar 2023

ဂျေယန်စစ်ရှောင်စခန်း မီးလောင်မှုဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ဂျေယန်စစ်ရှောင်စခန်း မီးလောင်မှုဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ မတ် ၂၀

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဗဟို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ရှိ ဂျေယန် စစ်ရှောင်စခန်းတွင် မတ်လ ၁၉ ရက် ညနေပိုင်းအချိန်က ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ခဲ့မှုကြောင့် စစ်ဘေးရှောင် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ပြီး လူဦးရေ (၁၇၇) ဦးမှာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ယမန်နေ့ ညနေ ၃ နာရီခန့်က စစ်ရှောင်နေအိမ်တစ်လုံးတွင် လျှပ်စစ်အိုးဖြင့် ဟင်းချက်ရာမှ ဝါယာရှော့ခ် ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ဂျေယန် စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက “ ဟင်းချက်ရင်းနဲ့ ဝါယာရှော့ခ်ဖြစ်ပြီး မီးစလောင်တယ်။ အနားမှာကပ်နေတဲ့ တဲတွေကိုပါ မီးကူးသွားတယ်။ အိမ်ခြေ ၃၀ ကျော် မီးလောင်သွားတယ်” ဟု ပြောသည်။

အဆိုပါ မီးလောင်မှုအား စစ်ဘေးရှောင်များနှင့် KIA တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် စစ်ဘေးရှောင်များကို စာသင်ကျောင်းအတွင် နေရာချပေးထားပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်း ကူညီလုပ်ဆောင်သူများထံက သိရသည်။

“အခု မီးဘေးသင့် စစ်ရှောင်ဒေသခံတွေ အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးထားတယ်။ နောက် စစ်ရှောင်ယာယီတဲတွေ ပြန်တည်ဆောက်ဖို့ အကူအညီ လိုအပ်နေပါတယ်”  ဟု ကူညီလုပ်ဆောင်နေသူ တစ်ဦးကဆိုသည်။ 

တရုတ်- မြန်မာနယ်စပ်တွင် ရှိသည့်  ဂျေယန်စစ်ရှောင် စခန်းသည် အိမ်ထောင်စု ၁,၆၀၀ ကျော် လူဦးရေ ၈,၀၀၀ ကျော် ခိုလှုံနေကြောင်း သိရသည်။

 အဆိုပါ စစ်ဘေးရှောင်များမှာ ဝိုင်းမော်နှင့် မိုးမောက်မြို့နယ် တို့မှဖြစ်ပြီး မြန်မာစစ်တပ်နှင့် KIA တို့ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ခိုလှုံနေကြရသူများ ဖြစ်သည်။ 

#F004

ဗီဒီယိုများ