မြောက်ဦးမြို့ ယူနက်စကို ဝင်မဝင် ICOMOS အဖွဲ့ လာရောက်စစ်ဆေးတော့မည်

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိသော မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO-ယူနက်စကို) ဝင်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက တင်သွားခဲ့ပြီးနောက် ဒီနှစ် စက်တင်ဘာလတွင် နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (International Council on Monuments and Sites – ICOMOS) အဖွဲ့က မြောက်ဦးမြို့ကို လာရောက်စစ်ဆေးတော့မည်ဟု သိရသည်။

07 Jun 2022

DMG ၊ ဇွန် ၇

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိသော မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO-ယူနက်စကို) ဝင်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက တင်သွားခဲ့ပြီးနောက် ဒီနှစ် စက်တင်ဘာလတွင် နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (International Council on Monuments and Sites – ICOMOS) အဖွဲ့က မြောက်ဦးမြို့ကို လာရောက်စစ်ဆေးတော့မည်ဟု သိရသည်။

ICOMOS အဖွဲ့သည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ပိုင်ဆိုင်မှုများပြုပြင်ထိန်းသိမ်းခြင်းကို စောင့်ကြည့်အကဲဖြတ်သည့်အဖွဲ့ဖြစ်ပြီး မြောက်ဦးယဉ်ကျေးမှုဒေသသည် အဆိုပြုလွှာမူကြမ်းတွင်ပါရှိသည့် အချက်အလက်များနှင့် မြေပြင်အခြေအနေများ ကိုက်ညီမှုရှိမရှိ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း မြောက်ဦးအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

“ ဒီနှစ်စက်တင်ဘာလအတွင်းမှာ ICOMOS အဖွဲ့က လာဖို့ရှိတယ်။ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ယူနက်စကို ဝင်နိုင်ရေးအတွက် စာတင်ထားတယ်။ စာထဲမှာပါတဲ့ အချက်အလက်တွေကို သူတို့က ကွင်းဆင်းစစ်ဆေးမှာဖြစ်တယ်။ နောက်ပြီးတော့ ဒေသခံတွေကိုလည်း အမှန်တကယ်ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကို လိုချင်လား ဆိုပြီးတော့ အကုန်လုံးမေးမြန်းမှာဖြစ်တယ် ” ဟု ဒေါ်ခင်သန်းက ပြောသည်။

လက်ရှိ ဘုရားပုထိုးစေတီများနှင့် ကျုံးများ၏ အနီးပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာရေးနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)၊ မြောက်ဦးအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ လူငယ်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ ပြုလုပ်နေကြသည်။ ယင်းအပြင် မြောက်ဦးဒေသခံများကို ယူနက်စကိုနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတများကို ဟောပြောပွဲပြုလုပ်ပေးနေကြောင်း ဒေါ်ခင်သန်းက ဆိုသည်။

မြောက်ဦးယဉ်ကျေးမှုဒေသ UNESCO ဝင်နိုင်ရေးလှုပ်ရှားမှုမှာ ပါဝင်ကူညီဆောင်ရွက်နေသူ မြောက်ဦးလူငယ်များအစည်းအရုံးအဖွဲ့ဝင် ကိုဇော်ထွန်းက “ ယူနက်စကိုဆိုတာ လေးနှစ်မှာတစ်ကြိမ်လုပ်တဲ့ ညီလာခံပေါ့နော်။ လာမယ့်နှစ်မှာတော့ ယူနက်စကို ဝင်မဝင် သိရမှာပေါ့။ မြောက်ဦးမှာရှိတဲ့ အမွေအနှစ်တွေက ယူနက်စကိုဝင်ဖို့အတွက် လုံလောက်ပါတယ်။ သို့သော် ရှေးဟောင်းအမွေနှစ်လို့ခေါ်တဲ့ တရားဥပဒေစိုးမိုးမှုရေးနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းမှုတွေက အားနည်းနေပါသေးတယ်။ ” ဟု ပြောသည်။

မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) ကလည်း မြောက်ဦးမြို့၏ သဘာဝအလှတရားများနှင့် ဘုရားပုထိုးစေတီများအပါအဝင် ရှေးဟောင်းကျောက်ဆစ်လက်ရာများ၊ ရိုးရာယာဉ်ကျေးမှုဓလေ့စရိုက်များကို ရိုက်ကူးထားသော ဓါတ်ပုံပြပွဲများကို UNESCO ဝင်ရေး အကြိုလှုပ်ရှားမှုအဖြစ် ပြုလုပ်လျှက်ရှိသည်။

မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က “ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ဝင်ရောက်ရေးအတွက် ဆောင်ရွက်နေတဲ့ ရည်ရွယ်ချက်ပါ။ နောက်တစ်ခုက မြောက်ဦးဒေသရဲ့ ယဉ်ကျေးမှုကို ရခိုင်တပြည်နယ်လုံးသာမက မြန်မာနိုင်ငံတစ်ခုလုံးသိဖို့၊ ကမ္ဘာကပါ သိဖို့အတွက် ဓါတ်ပုံပြပွဲ လုပ်နေတ ဖြစ်ပါတယ်။ ” ဟု ပြောသည်။

ဓါတ်ပုံပြပွဲကို “အနဂ္ဃရတနာမြေ ” ဟု အမည်ပေးထားပြီး မြောက်ဦးမြို့တွင် နှစ်ကြိမ်၊ စစ်တွေမြို့တွင် တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခု ဇွန်လအတွင်းမှာ သံတွဲမြို့တွင် ပြုလုပ်နိုင်ရန် စီစဉ်လျှက်ရှိပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဆက်လက်ပြသသွားမည်ဟု ဦးကြည်ခင်က ပြောသည်။

အနဂ္ဃရတနာမြေ ဓါတ်ပုံပြပွဲတွင် မြောက်ဦးမြို့မှ ဓါတ်ပုံပညာရှင်များက ရိုက်ကူးထားသော မြောက်ဦးမြို့၏ သဘာဝအလှတရားများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့စရိုက်များအား ပြသပေးခြင်းဖြစ်သည်။ သံတွဲမြို့၌ ပြသမည့်ဓါတ်ပုံပြပွဲတွင် မြောက်ဦး၏ ဓါတ်ပုံများသာမက သံတွဲမြို့၏ သဘာဝအလှတရားများကိုလည်း ထည့်သွင်း ပြသနိုင်ကြောင်း သိရသည်။

မြောက်ဦးမြို့ UNESCO ဝင်နိုင်ရေးအတွက် အဓိက အကြောင်းအရင်းမှာ မြို့လုံခြုံရေးအတွက် တံတိုင်းအဖြစ်ကာရံထားသည့် တံတိုင်းနှင့်တွဲလျက် ရေအရင်းအမြစ်ကိုအသုံးပြုထားသော ကျုံးများကို အခြေခံထားပြီး အခြားသော ကျောက်ဆစ်လက်ရာများနှင့် ရှေးဟောင်းအမွေအနှစ်များလည်း ပါဝင်ကြောင်း သိရသည်။

သို့သော်လည်း ကျုံးများနှင့် ရှေးဟောင်းနယ်မြေအတွင်းမှာ ကျူးကျော်နေအိမ်များနှင့် အဆောက်အအုံစုစုပေါင်း ၆၀၀ ခန့်ရှိနေပြီး ယင်းအဆောက်အအုံများကို ဖယ်ရှားပေးရန် လိုအပ်ကြောင်း မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က ဒီနှစ် ဧပြီလက ပြောဆိုထားသည်။

ICOMOS ((International Council on Monuments and Sites) ဆိုသည်မှာ -

အိုင်ကွန်မော့စ်အဖွဲ့သည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ရုံးစိုက်ထားသည့် အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် တည်ထောင်ခဲ့သော ယင်းအဖွဲ့၏ အခန်းကဏ္ဍမှာ ဗိသုကာနှင့်ရှေးဟောင်းသုတေသဆိုင်ရာ အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် သီအိုရီ၊ နည်းစနစ်နှင့် သိပ္ပံနည်းပညာများ အသုံးချနိုင်ရန် မြှင့်တင်ဆောင်ရွက်ပေးရန်ဖြစ်သည်။ ၎င်းအဖွဲ့၏ လုပ်ငန်းသည် ၁၉၆၄ ခုနှစ် နိုင်ငံတကာအထိမ်းအမှတ်အဆောက်အဦနှင့် နေရာဒေသများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာ သဘောတူဆုံးဖြတ်ချက် (ဗင်းနစ်ချာတာ)၏ စည်းမျဉ်းဥပဒေသများအပေါ် အခြေခံသည်။

သဘောတူညီလာခံနှင့် စပ်လျည်း၍ အိုင်ကွန်မော့စ်၏ အဓိကအခန်းကဏ္ဍမှာ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် မှတ်ပုံတင်ရန်အတွက် အမည်စာရင်း တင်သွင်းထားသည့် ပိုင်ဆိုင်မှုများကို အကဲဖြတ်ခြင်း၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ပိုင်ဆိုင်မှုများ ပြုပြင်ထိန်းသိမ်းခြင်းကို စောင့်ကြည့်အကဲဖြတ်ခြင်း၊ နိုင်ငံအစိုးရ အဖွဲ့အစည်းများမှ စုပေါင်းပါဝင်ထားသည့် နိုင်ငံတကာအကူအညီအထောက်အပံ့များ တောင်းခံလာမှုများကို ပြန်လည်စိစစ်ခြင်းနှင့် စွမ်းဆောင်ရည်မြင့်မားစေရန် ဆောင်ရွက်ခြင်း လုပ်ဆောင်မှုများအတွက် ဖြည့်စွက်ထောက်ပံ့ခြင်းများကို အထောက်အပံ့ပေးခြင်း စသည်တို့ပါဝင်သည်။

ဗီဒီယိုများ