စစ်ဘေးရှောင်စခန်းများတွင် အိမ်သာမလုံလောက်မှုကြောင့် ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်နေ

လူဦးရေ ၆၀၀ ကျော်နေထိုင်နေသော ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် အိမ်သာ ၂၁ လုံး ရှိသည့်အနက် မုန်တိုင်းကြောင့် ၁၉ လုံး ပျက်စီးသွားပြီး ကျန်အိမ်သာနှစ်လုံးကို လက်ရှိအသုံးပြုနေရသည်။

By Admin 14 Jul 2023

မုန်တိုင်းကြောင့် ပျက်စီးသွားသော အထက်မြတ်လှဲစခန်းက အိမ်သာများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။
မုန်တိုင်းကြောင့် ပျက်စီးသွားသော အထက်မြတ်လှဲစခန်းက အိမ်သာများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၄

မုန်တိုင်းအလွန်ကာလ ရခိုင်ပြည်အတွင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင် စသည့်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် အိမ်သာမလုံလောက်မှုကြောင့် အခက်အခဲဖြစ်နေကြပြီး ကျန်းမာရေးထိခိုက်လာမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြသည်။

လူဦးရေ ၆၀၀ ကျော်နေထိုင်နေသော ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် အိမ်သာ ၂၁ လုံး ရှိသည့်အနက် မုန်တိုင်းကြောင့် ၁၉ လုံး ပျက်စီးသွားပြီး ကျန်အိမ်သာနှစ်လုံးကို လက်ရှိအသုံးပြုနေရသည်။

“ရှိတဲ့အိမ်သာနှစ်လုံးမှာလည်း ခေါင်မိုးမရှိဘူး။ မိုးရွာရင် ထီးဆောင်းပြီးတက်နေရတယ်။ တစ်ယောက်တက်ရင် တစ်ယောက်ကစောင့်နေရတယ်” ဟု အထက်မြတ်လှဲစစ်ဘေးရှောင်မှ ဦးအောင်နိုင်ဝင်းက ပြောသည်။

အထက်မြတ်လှဲစခန်းက ပျက်စီးသွားသောအိမ်သာများအား ပြန်ဆောက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က သံဖြူ(သွပ်ပြား) အချပ် ၁၀၀ ထောက်ပံ့ထားသော်လည်း လိုအပ်သောပစ္စည်းများ မပြည့်စုံမှုကြောင့် ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။

ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၃၂၀ အတွက် ဆောက်လုပ်ထားသော အိမ်သာ ၄၈ လုံးထဲမှ ၄၅ လုံးမှာ မုန်တိုင်းကြောင့် ပျက်စီးသွားပြီး ကျန်အိမ်သာ ၃ လုံးဖြင့် အသုံးပြုနေကြရသည်။

အိမ်သာမလုံလောက်မှုကြောင့် ပြီးခဲ့သည့်ဇွန်လက စခန်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများရှိခဲ့ပြီး လက်ရှိတွင်လည်း ဝမ်းရောဂါဖြစ်ပွားနေသူများရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“တစ်ယောက်အိမ်သာတက်နေရင် တစ်ယောက်က စောင့်နေရတယ်။ လူဦးရေကများတော့ မစောင့်နိုင်ရင် ပျက်စီးနေတဲ့အိမ်သာမှာ တက်ကြရတယ်။ အနံ့အသက်တွေလည်းမကောင်း၊ မိုးကယိုနဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်” ဟု စေတီပြင်စစ်ဘေးရှောင်မှ ဒေါ်မရွှေဝင်းက ပြောသည်။

ရခိုင်တွင် မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ နှစ်လတိတိ ပြည့်ခဲ့ပြီဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူအများစုမှာ နေအိမ်အဆောက်အအုံများကို ပြန်လည်မပြုပြင်နိုင်သေးဘဲ ကျန်းမာရေးနှင့်သက်ဆိုင်သော ကိစ္စများတွင်လည်း အခက်ကြုံနေကြခြင်း ဖြစ်သည်။

လူဦးရေပြည့်သိပ်စွာ နေထိုင်ကြရသော စစ်ဘေးရှောင်စခန်းများတွင် အိမ်သာများ ဆောက်လုပ်နိုင်မှု မရှိသေးခြင်းမှာ ကျန်းမားရေးပြဿနာအတွက် စိုးရိမ်စရာဖြစ်နေသည်။

ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် လက်ရှိအချိန်ထိ အိမ်သာများ မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်လူဦးရေ ၄၀၀ ကျော်မှာ အညစ်အကြေးစွန့်ရာတွင် အခက်အခဲဖြစ်နေကြသည်။

“အပြင်မှာပဲ တွင်းတူးပြီး သွားနေရတယ်။ အနံ့အသက်တွေကလည်းမကောင်း၊ ခြင်ယင်ကလည်းပေါတော့ ကျန်းမာရေးအတွက်က စိုးရိမ်စရာရှိတယ်။ အမျိုးသမီးတွေအတွက်လည်း လုံခြုံမှုကမ်းမဲ့နေတယ်” ဟု စစ်ဘေးရှောင် ဒေါ်အေးအေးခိုင် ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် (၆) သောင်းကျော်မှာ နေရပ်မပြန်နိုင်ဘဲ ရှိနေသေးသည်။

စစ်ဘေးရှောင်များမှာ စခန်းတွင် နေထိုင်မှုကြာမြင့်လာသည့်နှင့်အမျှ စားဝတ်နေရေး၊ ကျန်းမာရေးအပြင် လက်ရှိ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း၏ နောက်ဆက်တွဲဆိုးကျိုးများကိုပါ ရင်ဆိုင်နေကြရသည်။

#I001

ဗီဒီယိုများ