စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးနေသူများ လူသားချင်းစာနာမှုလိုအပ်ချက် တိုးလာကြောင်း ကုလထုတ်ပြန် 

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်များ တိုးလာနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။ 

By Admin 09 Dec 2023

တိုက်ပွဲကြောင့် ထွက်ပြေးနေကြသည့် ပေါက်တောဒေသခံများအား နိုင်ဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ 
တိုက်ပွဲကြောင့် ထွက်ပြေးနေကြသည့် ပေါက်တောဒေသခံများအား နိုင်ဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ 

နိုင်ငံတဝှမ်းတိုက်ပွဲဖြစ်ပွားမှု မြင့်တက်လာနေသည်နှင့်အမျှ နေရပ်စွန့်ခွာသူဦးရေလည်း တိုးလာနေပြီး လတ်တလော နေရပ်စွန့်ခွာသူ ၅ သိန်းကျော်ရှိနေကြောင်း UNOCHA ၏ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

“ထမင်းတစ်ခုတော့စားရတယ်။ ဆီ၊ ငရုတ်၊ ဆားတွေက အကုန်ပြတ်နေပြီ။ ဝယ်လို့မရဘူး။ အဝတ်အစားကလည်း ပြေးလာကတည်းက တစ်ထည်ပဲပါလာတယ်။ အဝတ်အပိုမရှိလို့ သုံးရက်မှတစ်ကြိမ် ရေချိုးရတယ်” ဟု ရခိုင်ပြည်၊ ပေါက်တောမြို့မှ ထွက်ပြေးလာသူ ဒေါ်စနေမက ပြောသည်။  

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲပြင်းထန်နေပြီး နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၆ သောင်းကျော်ရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုနှင့် ကြုံနေရသည်။  

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ကယား၊ ကရင်၊ ပဲခူးဒေသများတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်ရှိသော်လည်း ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထား၍ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း  UNOCHA က ထုတ်ပြန်သည်။ 

ရခိုင်ပြည်တွင် လမ်းခရီးပိတ်ဆို့ထားမှုအကျိုးဆက်အဖြစ် ကုန်စည်ပြတ်တောက်မှုကြောင့်  ကုန်ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်နေပြီး ဒေသခံများအတွက် ရှုပ်ထွေးမှုတစ်ခု ထပ်တိုးလာသည်ဟု UNOCHA က ဆိုသည်။ 

“ရွာမှာလည်း ရိက္ခာတွေပြတ်နေပြီဖြစ်လို့ စစ်ရှောင်တွေကိုကျွေးဖို့ တော်တော်လေး အခက်အခဲဖြစ်လာတယ်” ဟု ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ 

နိုဝင်ဘာလ ၁၃ ရက်မှစပြီး ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားသည်မှာ (၁) နီးပါး ကြာမြင့်လာပြီဖြစ်သည်။   

“စစ်ဘေးရှောင်တွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကအစ ထိခိုက်ဒဏ်ရာမှုတွေများနေတယ်။ ကြာလာရင် အခြေအနေက ဒီထက်ပိုဆိုးသွားမယ်” ဟု  ရခိုင်အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသည့်အပြင် အရပ်သားများကို ဖမ်းဆီးမှု၊ နေအိမ်အဆောက်အအုံနှင့်ရိက္ခာများအား လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ကာ ပြည်သူများ၏ အသက်အိုးအိမ်အပေါ် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။

#D011 #DMG 

ဗီဒီယိုများ