ပဇီကြီးရွာ တိုက်ခိုက်ခံမှုဖြစ်စဉ်ကို NCA လက်မှတ်ထိုးအဖွဲ့များ ရှုံ့ချ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့မှုအပေါ်  NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ရှုံ့ချလိုက်သည်။

By Admin 22 Apr 2023

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း။ (ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်)
ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း။ (ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်)

DMG ၊ ဧပြီ ၂၂

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့မှုအပေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ရှုံ့ချလိုက်သည်။

စစ်ကိုင်းတိုင်းဖြစ်စဉ်အပါအဝင် အရပ်သားပြည်သူများအား ထိခိုက်စေနိုင်သည့် မည်သည့် အင်အားသုံးတိုက်ခိုက်မှုမျိုးကိုမဆို ကန့်ကွက်ရှုံ့ချသည်ဟု NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) က ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေးသည် ပဋိပက္ခများဖြင့်ရှုပ်ထွေးနေပြီး နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများကို အင်အားသုံးတိုက်ခိုက်ခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆန့်ကျင်သည့်အတွက် ကန့်ကွက်ရခြင်းဟု PPST က ဆိုသည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က “ဒီလိုမျိုး နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲ အကျပ်အတည်းတွေကို အင်အားသုံးပြီး လက်နက်နဲ့တိုက်ခိုက်တာ အဲဒီဟာနဲ့ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ ပြည်သူလူထုရဲ့ ထိခိုက်မှုတွေအပေါ် ကျနော်တို့ PPST က သွားနေတဲ့ မူနဲ့ဆန့်ကျင်တာကြောင့် ကန့်ကွက်တယ်။ ရှုံ့ချတယ်ဆိုတာ ထုတ်ပြန်ရတာ ဖြစ်ပါတယ်” ဟု DMG ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် နံနက် ၈ နာရီခန့်က ပဇီကြီးကျေးရွာတွင် ရွာပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးဖွင့်ပွဲ ပြုလုပ်နေချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်စ်စီးဖြင့် ဗုံးနှစ်လုံး ကြဲချပစ်ခတ်ခဲ့မှုတွင် ဒေသခံပြည်သူ ၁၈၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

ထိုအထဲ အသက် (၅)နှစ်အောက် ကလေးငယ် ၆ ဦး၊ အသက် (၅)နှစ်မှ (၁၄)နှစ် အကြား ကလေးငယ် ၁၉ ဦး၊ အသက် (၁၄)နှစ်မှ (၁၈)နှစ် အကြား ကလေးငယ် ၅ ဦး၊ အသက်အရွယ်ခွဲခြားမရသည့် ကလေးငယ် ၁၀ ဦး၊ အသက် (၁၈)နှစ်အထက် လူကြီး ၉၇ ဦး နှင့် အသက်ခွဲခြားမရသည့် လူကြီး ၃၁ ဦး ပါဝင်ကြောင်း ဧပြီလ ၁၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သတင်းစာရှင်းလင်းပွဲပြုတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ အကြီးစားကုသမှုခံယူနေရသူ (၁၆) ဦးရှိပြီး ၎င်းတို့မှာ အသက် (၈)နှစ်အရွယ် ကလေးငယ်အပါအဝင် (၁၈)နှစ်အောက် ကလေး ၅ ဦးနှင့် အသက် (၁၈)နှစ်အထက် လူကြီး ၁၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာ NUG နှင့် PDF များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ PDF အဖွဲ့၏ မိုင်းနှင့် ဆက်စပ်ပစ္စည်း သိုလှောင်ထားသည့် နေရာကို တည့်တည့်ထိမှန်သည့်အတွက် လူအများအပြား သေဆုံးရခြင်းဟု ဖြေရှင်းချက်ပေးထားသည်။

သို့သော်လည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ပဇီကြီးရွာရုံးဖွင့်ပွဲမှာ လျှို့ဝှက်စစ်ရေးအစည်းအဝေး မဟုတ်ဘဲ ရပ်သိရွာသိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဧပြီလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

“စစ်ကောင်စီအနေနဲ့ ဒါဟာ ရွာတစ်ရွာ ဖြစ်တယ်။ စစ်စခန်းတစ်ခု မဟုတ်ဘူး။ စစ်ရေးပစ်မှတ် မဟုတ်ဘူးဆိုတာသိသိနဲ့ စစ်တပ်အုပ်စိုးမှုကို လက်မခံတဲ့ ရွာတစ်ရွာအပေါ် အငြှိုးတကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်” ဟု ဦးရည်မွန်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရသည့်ဖြစ်ရပ်အပေါ် PPST အနေဖြင့် ရှုံ့ချခြင်းသည် ကောင်းမွန်သည့်လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောဆိုသည်။

“စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ တစ်ကမ္ဘာလုံးကလည်း မြင်တယ်။ တစ်နိုင်ငံလုံးကလည်း မြင်တယ်။ စစ်တပ်အုပ်ချုပ်တဲ့ အဆက်အဆက်မှာ အကြီးမားဆုံးနဲ့ အရက်စက်ဆုံး ရာဇဝတ်မှုဖြစ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ပါတီအဖွဲ့အစည်းနဲ့မဆိုင်ဘဲ လူသားချင်းစာနာထောက်ထားမှုရှိတဲ့ အဖွဲ့အစည်းတိုင်းက ရှုံ့ချသင့်တယ်လို့ မြင်တယ်။ ဒါကြောင့် PPST ရဲ့ ရှုံ့ချမှုက တစ်ကမ္ဘာလုံးရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီဖြစ်တယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ မြန်မာပြည်တွင်း ကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းများကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် NCA လက်မှတ် မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကာ အတူတကွ ဖြေရှင်းနိုင်ရေး ကြိုပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

နိုင်ငံတဝှမ်း ကျယ်ပြန့်လာနေသော လက်နက်ကိုင် ခုခံတော်လှန်မှုများကို မြေပြင်စစ်ဆင်ရေးများဖြင့် မထိန်းချုပ်နိုင်သော စစ်ကောင်စီတပ်သည် လေကြောင်းစစ်ဆင်ရေးများကို အဓိကအားကိုးပြီး တိုက်ခိုက်လာနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် မတ်လတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်သော အစီအရင်ခံစာ၌ အာဏာသိမ်းကာလ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇန်နဝါရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၅ ကြိမ် ရှိခဲ့ရာမှ ၂၀၂၂ ဖေဖော်ဝါရီမှ ၂၀၂၃ ဇန်နဝါရီလအတွင်း အကြိမ်ရေ ၃၀၁ ကြိမ်ထိ မြင့်တက်လာခဲ့ကြောင်း ဆိုသည်။

#I003

ဗီဒီယိုများ