ခင်ဦးတွင် စစ်ဘေးရှောင်နှစ်ထောင်ကျော် မိုးဦးကာလ နေထိုင်စားသောက်ရေး အခက်အခဲနှင့်ကြုံနေရ

နေ့စဉ် စားရေးသောက်ရေးက ခက်ခဲတယ်။ မိုးရာသီဆိုရင် နေစရာခက်ခဲတယ်။ လယ်တဲတွေ တဲထိုးနေရတော့ မိုးမလုံဘူး။ မိုးထဲတွေမှာ အိပ်ရတယ်”ဟု ခင်ဦးမြို့နယ်၊ မဒေါင်းကြီးကျေးရွာမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

By Admin 22 Jun 2023

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဦး သတင်းမှန်ပြန်ကြားရေး အဖွဲ့။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဦး သတင်းမှန်ပြန်ကြားရေး အဖွဲ့။

DMG ၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် နှစ်ထောင်ကျော်မှာ မိုးဦးကာလ နေထိုင်စားသောက်ရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများထဲမှ တချို့မှာ အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် ယာယီခိုလှုံနေကြပြီး တချို့မှာ လယ်ကွင်းထဲ၌ ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်နေကြရသည်။

လက်ရှိ မိုးဦးကာလဖြစ်၍ ဆောက်လုပ်ထားသော တဲအိမ်များမှာလည်း ယိုယွင်းပျက်စီးနေပြီဖြစ်သည့် အတွက် မလုံမခြုံနှင့် နေထိုင်နေရကြောင်း စစ်ဘေးရှောင်များကပြောသည်။

“နေ့စဉ် စားရေးသောက်ရေးက ခက်ခဲတယ်။ မိုးရာသီဆိုရင် နေစရာခက်ခဲတယ်။ လယ်တဲတွေ တဲထိုးနေရတော့ မိုးမလုံဘူး။ မိုးထဲတွေမှာ အိပ်ရတယ်”ဟု ခင်ဦးမြို့နယ်၊ မဒေါင်းကြီးကျေးရွာမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ခင်ဦးစစ်ဘေးရှောင်များမှာ စားရေးသောက်ရေးနှင့်ပတ်သက်၍ အလှူရှင်များ၏ ကူညီထောက်ပံ့မှုကိုသာ အဓိက အားထားနေရခြင်းဖြစ်ပြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ ကူညီထောက်ပံ့မှုလည်း နည်းပါးလာသဖြင့် အခက်အခဲများရှိနေကြောင်းဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာလည်း မရှိသလောက်နည်ပါးနေပြီး ဆေးဝါးအကူအညီ မရရှိသဖြင့် အသက်ကြီးပိုင်း စစ်ဘေးရှောင်သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိလာနေပြီဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများမှာ စားဝတ်နေရေးအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ထိခိုက်ခံစားနေရ၍ ပြည်တွင်း၊ ပြည်ပအလှူရှင်များ ကူညီထောက်ပံ့ပေးရန် တောင်းဆိုထားကြသည်။

“ကျွန်မတို့မှာ အလှူရှင် လာလှူတာလေးပဲ စားနေရတာ။ အခက်ခဲကတော့ အများကြီးပဲရှိတယ်။ လုံခြုံမှုလည်း ဘာမှမရှိတော့ဘူး”ဟု ခင်ဦးမြို့နယ်၊ အင်းပက်ရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွာသစ်၊ အင်းပက်၊ အင်းတိုင်လေး(တောင်၊ မြောက်)၊ သရက်ပင်စု၊ မင်းနောင်၊ မြကျန်၊ သာဂရ၊ ကျင်းပစ်၊ တဲစု၊ မဒေါင်းကြီး၊ ဆီဆုံလေး၊ ဖန်ခါးကုန်း စသည့်ကျေးရွာပေါင်း ၃၀ ခန့်မှ ထောင်ချီသောဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်မှာ ၂ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ခင်ဦးမြို့နယ်တွင် စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ရှစ်ထောင်ကျော်အထိရှိပြီး စစ်ကိုင်းတိုင်းတစ်ခုလုံးတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးနေရသူ (၇)သိန်းခွဲ နီးပါးအထိရှိကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။

#I004

ဗီဒီယိုများ