စစ်ကိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဒေသခံ ၉,၀၀၀ နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံ ၉,၀၀၀ နီးပါးမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

By Admin 09 Jun 2023

ဓာတ်ပုံ - စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးအဖွဲ့
ဓာတ်ပုံ - စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးအဖွဲ့

DMG ၊ ဇွန် ၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံ ၉,၀၀၀ နီးပါးမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်တစ်ခုသည် စစ်ကြောင်းထိုးလာခြင်းကြောင့် မေလ ၁၉ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ စစ်ကိုင်းမြို့နယ်၊ ချောင်းဦး၊ အုတ်ဖို၊ ပဒူ၊ စဉ်ကိုင်တောင်၊ ကျောက်ပနန့်၊ ကျောက်ပနန့်ရွာသစ် စသည့် ကျေးရွာခြောက်ရွာမှ နေအိမ် စုစုပေါင်း ၅၇၉ ဆောင်မီးရှို့ခံရကာ ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကိုင်းသတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ပဒူမှာ မီးရှို့ခံရတာ ခြောက်ကြိမ်လောက်ရှိပြီး လူနေအိမ်ခြေ ငါးရာအထက် မီးရှို့ခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်စွဲထားဆဲမို့ ကျနော်တို့ အတိအကျ မရသေးတာပါ။ ပထမဆုံးအကြိမ်ကတော့ တော်တော်များတယ်” ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် တချို့မှာ နေရပ်သို့ပြန်သွားကြပြီဖြစ်သော်လည်း ဒေသခံ ၈,၉၆၀ ဦးမှာ စစ်ကောင်စီတပ်က ကျေးရွာနီးနှင့် ကျေးရွာအတွင်း တပ်စွဲထားမှုကြောင့် နေရပ်ပြန်နိုင်သေးကြောင်း သိရသည်။

အဆိုပါဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်လာစဉ် သယ်ဆောင်လာခဲ့သည့် စားနပ်ရိက္ခာများ ပြတ်လပ်နေပြီဖြစ်၍ စားဝတ်နေရေးအခက်အခဲများရှိကြောင်း ဆိုသည်။

စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာသားတစ်ဦးက “ကျနော်တို့ စားဝတ်နေရေးကျပ်တည်းလာပါပြီ။ ကျနော်တို့ကို ငွေဖြစ်ဖြစ်၊ ရိက္ခာဖြစ်ဖြစ် လှူဒါန်းကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ဓာတ်ပုံ - စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးအဖွဲ့

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းနှစ်ခု ဝင်လာမှုကြောင့် ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် မေလ ၁၉ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့ထိ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ကျေးရွာပေါင်း ၁၃ ရွာကျော်အထိရှိနေပြီဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ (၇)သိန်းခွဲနီးပါး အထိရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ မေလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

#I004

ဗီဒီယိုများ